ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2012-07-10 -
-
-
လွှတ်တော်တွင်း ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဖိတ်ခေါ်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုတာဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"သူရ ဦးအောင်ကိုက အဲဒီမှာ သူက အစ်မကြီးရဲ့ ပြည်ပခရီးစဉ်က အရမ်းကို အောင်မြင်ပါတယ်တဲ့။ ပြည်သူလူထုကလည်း အရမ်းကို ကြိုက်ကြပါတယ်တဲ့။ ဒါကို ဗီဒီယိုကို ကြည့်ပြီးတော့၊ အဲဒီလိုပြောတယ်ခင်ဗျ။ နောက်ပြီးတော့ လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ဘာနဲ့ ပတ်သက်လို့ ဥပဒေတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်း ပြင်ချင်တာ၊ ဆင်ချင်တာတို့ ဥပဒေ ကိစ္စတွေ၊ ဘာတွေ ကျွန်တော်တို့ကို ပြောလို့ရပါတယ်တဲ့။ ပြောပါတဲ့။ ဥက္ကဋ္ဌက ပြန်ပြီး ဆွေးနွေးတာကတော့ ကျွန်မတို့က လူပုဂ္ဂိုလ်က အဓိက မကျပါဘူးတဲ့။ ဘယ်ပါတီ၊ ညာပါတီဆိုတာ အဓိက မကျပါဘူးတဲ့။ တိုင်းပြည်ကောင်းဖို့ ဝိုင်းလုပ်ကြဖို့ပဲ၊ မှန်တာကို မှန်တဲ့အတိုင်း၊ အကုန်လုံးက မှန်တဲ့ အပေါ်မှာ တူညီစွာ ရပ်တည်ပြီးတော့ တူတာကို တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် ဒါ အကုန်လုံး ရှေ့တိုးတက် သွားကြမှာပါတဲ့ အဲဒီလိုပြောသွားပါတယ်"
တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနဲ့ အဖွဲ့ဝင်တွေက လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။