ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲ တိဘက်အားတက်

အဝေးရောက် တိဘက်အစိုးရ ဝန်ကြီးချုပ် Lobsang Sangay က မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံနိုင်ခဲ့တာဟာ မိမိတို့အတွက် မျှော်လင့်ချက် ရောင်ခြည်ပဲ ဖြစ်ကြောင်း မနေ့က ပြောဆိုပါတယ်။

ဟားဗတ်တက္ကသိုလ်က ပညာရှင်တစ်ဦးလည်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် Sangay ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာလိမ့်မယ်လို့ဘယ်သူမှ မထင်ခဲ့ပေမဲ့ လွတ်မြောက်လာခဲ့ကြောင်း၊ မိမိတို့အလှည့်လည်း တစ်နေ့ရောက်လာမှာဖြစ်ကြောင်း၊ တစ်ခါတစ်ရံ မဖြစ်နိုင်ဘူး ထင်ရတာတွေဟာ အမှန်တကယ် ဖြစ်လာကြောင်း၊ အောင်မြင်တဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတိုင်း မိမိကိုယ်ကိုနဲ့ မိမိရဲ့လှုပ်ရှားမှုအပေါ် ယုံကြည်မှုကို အခြေခံတာ ဖြစ်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်တို့သိမ်းပိုက်ထားတဲ့ တိဘက်နိုင်ငံမှာ ဖိနှိပ်မှုတွေ မရပ်ဘူးဆိုရင် ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်လိမ့်မယ် ဖြစ်ကြောင်းလည်း သတိပေး ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကစလို့အခုထိ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြသူ တိဘက်လူမျိုး ၃၂ ဦးရှိရာမှာ အများစုဟာ တိဘက်ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ သီလရှင်တွေ ဖြစ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org