မြန်မာနိုင်ငံမှာ ကတ်ပြားနဲ့ ငွေသွင်း ငွေထုတ်နိုင်တော့မယ်
မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ရတဲ့ MPU ကတ်တွေကို လာမယ့် သြဂုတ်လအတွင်း စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက ပြောပါတယ်။
-
2012-07-10 -
-
-
ပြည်တွင်းက MPU ခေါ် မြန်မာနိုင်ငံဘဏ်များ အသင်းဝင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်ရဲ့ ATM ငွေသွင်း ငွေထုတ်စက်တွေမှာ အပြင် ကုန်တိုက်တွေမှာပါ အဲဒီကတ်ကို အသုံးပြုလို့ ရမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာအထိ သုံးစွဲလို့ရအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်က RFA ကိုပြောပါတယ်။
"ဘယ် ATM မှာမဆို၊ ဘယ်ဘဏ်ကထုတ်တဲ့ ကတ်ပြားနဲ့ ဘယ်ဘဏ်ရဲ့ ATM မှာမဆို ငွေအထုတ်အသွင်း လုပ်လို့ရမယ်။ ဒီကတ်ပြားကို အပြင်မှာ သုံးစွဲခွင့်နဲ့ ကျွန်တော်တို့ရဲ့ ကတ်ပြားကိုပဲ တခြားနိုင်ငံမှာ ရောက်တဲ့ အချိန် သုံးလို့ရအောင် အဲတာတခုပေါ့"
ဒီ MPU ကတ်စနစ်ကို ပထမအဆင့်အနေနဲ့ ဘဏ် (၈) ခုမှာ စတင်စမ်းသပ် အသုံးပြုနေပြီလို့ သိရပါတယ်။ MPU ကတ် အသုံးပြုလိုသူတွေအနေနဲ့ သက်ဆိုင်ရာဘဏ်မှာ ငွေစာရင်း သွားရောက်ဖွင့်လှစ်ပြီး ကတ်ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
MPU ကတ်ဟာ Visa, Master တို့လို အကြွေးဝယ် Credit ကတ် မဟုတ်သလို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Check Card သဘောသာ ဖြစ်ပြီး မိမိငွေစာရင်းထဲမှာ ရှိသလောက် ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ MPU ကတ်လို ငွေသွင်း ငွေထုတ်နဲ့ ဈေးဝယ်လို့ ရနိုင်တဲ့ Credit ကတ်တွေကို ၂၀၀၂ ခုနှစ်လောက်က ပုဂ္ဂလိကဘဏ်တွေ စတင် ထုတ်ပေးခဲ့ဖူးပေမယ့် အောင်မြင်မှု မရဘဲ နှစ်အနည်းငယ် အကြာမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။