မုံရွာမှာ PDF တွေ စီးလာတဲ့ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဖမ်းဆီးခံရ

မုံရွာမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ ကားကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တာကြောင့် PDF တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တစ်နေရာကို ၂၀၂၁၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန်လ ၁၇ ရက်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ ကားကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တာကြောင့် PDF တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ပြီးအပြန်မှာ အခုလိုဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“မနက် ၉ နာရီလောက်မှာ PDF နဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်တယ်။ PDF က တစ်ယောက်ကျတယ်။ တစ်ယောက်အဖမ်းခံရတယ်။ မုံရွာမြို့ပေါ် တစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို သူတို့သွားပြီးတော့ ပစ်ခတ်တာ။ ပစ်ခတ်ပြီးတော့အပြန် မုံရွာမြို့ပေါ်မှာ သူတို့ဂိတ်တွေ၊ ကင်းပုန်းတွေလည်း ချထားတော့ အဲဒီကားကို သူတို့စစ်ဆေးဖို့ တားတဲ့အချိန်မှာ ကားကမရပ်ပေးတော့ စစ်တပ်က လိုက်ပစ်တာ”

သေဆုံး၊ ဖမ်းဆီးခံရသူတွေဟာ ဘယ်တပ်ဖွဲ့ကလဲဆိုတာကိုတော့ တိတိကျကျမသိရသေးသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မသင်္ကာစရာ (Mark-II) အမျိုးအစား ကားတစ်စီးကို စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး PDF တစ်ဦးသေဆုံးခဲ့သလို တစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ ရေးထားကြပါတယ်။

ဒါ့အပြင် (Type - 81) အမျိုးအစား သေနတ်တစ်လက်၊ (MK-12) အမျိုးအစား သေနတ်တစ်လက်၊ လက်လုပ်သေနတ်အတိုတစ်လက်၊ ကျည်မျိုးစုံ (၂၇) တောင့်နဲ့ ကျည်အိမ်နှစ်ခု၊ ကားတစ်စီး သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org