ဆရာညီမင်းညို ကားကို ခဲနဲ့ပေါက်သူ ၁ ဦး ဖမ်းမိ

စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို စီးလာတဲ့ကားကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးထဲက ၁ ဦးကို မနေ့က ဖမ်းမိထားပြီး စစ်ကိုင်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။

လူနှစ်ယောက်က ခဲနဲ့ပစ်ပေါက်တာကြောင့် မျက်နှာမှာ ဒဏ်ရာရရှိခဲ့တဲ့ စာရေးဆရာ ညီမင်းညို ကို တွေ့ရစဉ် Photo:Nyi Minn Nyo (facebook)

စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို စီးလာတဲ့ကားကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးထဲက ၁ ဦးကို မနေ့က ဖမ်းမိထားပြီး စစ်ကိုင်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။

အရက်သောက်ပြီး လမ်းလျှောက်ပြန်လာရင်း တွေ့တဲ့ကားကို ခဲနဲ့ပေါက်တာဖြစ်တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်နိုင်ထွန်းက ပြောပါတယ်။

"ဘာကြောင့်ရယ်လို့တော့ မဟုတ်ဘူး။ သူတို့က အရက်သာက်စားပြီးတော့ ၂ နာရီလောက် အရက်မူးပြီးတော့ ကျောက်ဆည်ကနေ သူတို့အောင်သာရွာကို အပြန်ဗျာ၊ သူတို့လမ်းလျှောက်လာတာ။ လမ်းလျှောက်လာရင်းကနေပြီးတော့ တွေ့တဲ့ကားကို ခဲနဲ့ပစ်တာပဲဗျာ။ သူတို့ရည်ရွယ်ချက်ကတော့ ဘာမှမရှိပါဘူး"

စာရေးဆရာ ညီမင်းညို စီးလာတဲ့ ကားဟာစစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နားမှာ ခဲနဲ့ပေါက်ခံခဲ့ရတာဖြစ်ပြီး ကားမှန်စထိမှန်ပြီး မျက်နှာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖမ်းမိထားသူတစ်ဦးကို လူသတ်ရန်ကြံစည်မှု ပုဒ်မ ၃၀၇၊ အများပြည်သူ သွားလာနေတဲ့လမ်းပေါ်မှာ ယာဉ်စီးနင်းသွားလာသူတွေရဲ့ လုံခြုံရေးကို ဘေးဖြစ်စေတဲ့ကြံစည်မှုအတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၇၉(က)၊ ဘေးဖြစ်စေရန် ကြံစည်မှုကြောင့် ဒဏ်ရာရရှိတဲ့အတွက် ပုဒ်မ ၃၃၈၊ အကျိုးပျက်စီးစေမှုပုဒ်မ ၄၂၇ စတာတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စာရေးဆရာညီမင်းညိုနဲ့ ကဗျာဆရာ ထွဏ်းသွေးအိမ်တို့ဟာ ရေဦးမြို့နယ် စည်းကြီးကျေးရွာ အထက်တန်းကျောင်း အာစရိယပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲကို သွားရောက်ခဲ့ပြီးအပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org