စစ်တပ် ထိပ်ပိုင်းရာထူးအချို့ အပြောင်းအလဲလုပ်

အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ စစ်တပ်ရာထူးဖြစ်တဲ့ စစ်ဥပဒေချုပ် ရာထူးကနေ အနားပေးလိုက်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို အစည်းအဝေးတစ်ခုမှာ တွေ့ရစဉ် Photo: CJ

အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ စစ်တပ်ရာထူးဖြစ်တဲ့ စစ် ဥပဒေချုပ် ရာထူးကနေ အနားပေးလိုက်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ သူဟာ နိုင်ငံရေးရာထူးဖြစ်တဲ့ စစ်ကောင်စီ အတွင်းရေးမှူးအဖြစ် ဆက်လက်ရှိနေဦးမယ်လို့ ဆိုပါ တယ်။

စစ်ဥပဒေချုပ်နေရာမှာ တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသက်နောင်ကို ခန့်အပ်လိုက်တယ်လို့လည်း ပြောပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ် မျိုးသက်နောင်ဟာ ဒုတိ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး စစ်ဥပဒေချုပ်တာဝန်ကို စတင်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကိုလည်း စစ်တပ် အရန်အင်အားကို ပြောင်းရွှေ့လိုက်ပြီး အဲဒီနေရာမှာ စစ်တက္ကသိုလ် အပတ်စဉ် (၃၂) က ဒုံးတပ်ဖွဲ့၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးမင်းဦးကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို တိုးပေးပြီးတော့ ခန့်အပ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မထိန်းချုပ်နိုင်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် ဖြိုးသန့်ကို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးလိုက်ပြီး သူ့နေရာမှာ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) က စစ်ကိုင်းတိုင်း ကလေးမြို့ အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်နဲ့ အစားထိုးလိုက်တယ်လို့ စစ်ဘက် အသိုင်းအဝိုင်းက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာ စောင့်ကြည့်သူ တစ်ဦးကတော့ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်အငယ်တွေကို အပေါ်ထိပ်ပိုင်းကို ဆွဲခေါ်နေခြင်းအားဖြင့် စစ်တပ်ကို သူ့ဩဇာခံ ဖြစ်အောင် တည်ဆောက်နေတာလို့ ဝေဖန်သုံးသပ်ပါတယ်။

"၂၀၁၁ ကတည်းက လူဟောင်းတွေ၊ သူနဲ့ တန်းတူတွေကို တစ်လျှောက်လုံး ဖယ်ပြီး ဗိုလ်သန်းရွှေတပ် ကနေ သူ့တပ်ဖြစ်အောင် လုပ်ခဲ့တာ။ အခုဆို သူ့တပ်မှာမှ သူနဲ့ အပတ်စဉ်အရမ်းကွာတဲ့ လူငယ်တွေကို ခန့်တယ်။ သူနဲ့ သိပ်မကွာတဲ့လူတွေကို ဖယ်ထုတ်ပြီး သူ့သစ္စာခံ တပ်ဖြစ်အောင် လုပ်နေတာပဲဗျ"လို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ကိုလည်း စစ်တပ်က အနားပေးခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေအဖြစ် ပြောင်းရွှေ့ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org