နေပြည်တော် အစိုးရအိမ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူတွေကိုထားတဲ့ ခြံအမှတ် (၃၃) မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ RFA ရဲ့ နေပြည်တော်သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ဆန္ဒပြစဉ်။ Photo- Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူတွေကိုထားတဲ့ ခြံအမှတ် (၃၃) မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ RFA ရဲ့ နေပြည်တော်သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက… အစိုးရအဖွဲ့ဝင်တွေကိုထားတဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

နေပြည်တော်က NLD ပါတီ တာဝန်ရှိသူတစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရနေအိမ်မှာ ထိန်းသိမ်းထားတယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတဲ့သဘောလားလို့ RFA က မေးမြန်းရာမှာတော့ ''နေအိမ်အကျယ်ချုပ်ဆိုတာ ကိုယ့်အိမ်မှာကိုယ်ထားတာ၊ အခုက အစိုးရဝန်ကြီးတွေအိမ်မှာ ထိန်းသိမ်းထားတာ" လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံခြားရေးဝန်ကြီးအိမ်ရာ ခြံအမှတ် (၃၃) ဝင်းအတွင်းမှာ မကြာခဏ လမ်းဆင်းလျှောက်တယ်လို့လည်း ဆိုပါတယ်။

အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း အစိုးရအဖွဲ့ဝင်တွေကိုထားတဲ့ နေအိမ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org