ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ပြုဖို့ သားဖြစ်သူတောင်းဆို

ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် အလွန်စိုးရိမ်လျှက်ရှိပြီး လက်ရှိမိခင်ရဲ့ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း သံအမတ်ကြီး ဦးကျော်စွာမင်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားအငယ်ဖြစ်သူ ကိုထိန်လင်း Photo- Reuters

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ပြုဖို့ သားအငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Dannian Kim Arundel Aris က တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၅ ရက်နေ့က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ တွေ့ဆုံချိန်မှာ ကိုထိန်လင်းက မိခင်ဖြစ်သူနဲ့ ဖုန်းပြောဆိုခွင့်ပြုဖို့ သံအမတ်ကြီးကို တောင်းဆိုလိုက်တာလို့ ဗြိတိန်အခြေစိုက် မြန်မာသံရုံးရဲ့ facebook စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် အလွန်စိုးရိမ်လျှက်ရှိပြီး လက်ရှိမိခင်ရဲ့ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း သံအမတ်ကြီး ဦးကျော်စွာမင်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းဘက်ကတော့ လက်ရှိမြန်မာပြည်အခြေအနေနဲ့၊ နေပြည်တော်ကို အကြောင်းကြားစာ သုံးခါရေးပို့ခဲ့ကြောင်းနဲ့ နောက်ထပ်အသိပေးစာတစ်စောင် ထပ်ရေးဖို့ ပြင်ဆင်နေကြောင်း ကိုထိန်လင်းကို ရှင်းပြခဲ့တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒီနေ့ သံရုံးရဲ့ထုတ်ပြန်ချက်နဲ့၊ စာသုံးစောင်မှာ ဘာတွေရေးသားပေးပို့ခဲ့လဲဆိုတာ သိနိုင်ဖို့ သံအမတ်ကြီး ဦးကျော်စွာမင်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ Alexander Aris(ခေါ်) ကိုမြင့်ဆန်းအောင် နဲ့ Dannian Kim Arundel Aris (ခေါ်) ကိုထိန်လင်း ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။

သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆက်အသွယ်လုံးဝမရှိဘူးလို့ လူအများက ယူဆကြပေမယ့် သားငယ်ဖြစ်သူ ကိုထိန်လင်းနဲ့တော့ အဆက်အသွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်ကလွတ်တဲ့အချိန်မှာ သားငယ်ဖြစ်သူ ကိုထိန်လင်းဟာ မြန်မာနိုင်ငံထဲရောက်လာပြီး မိခင်ဖြစ်သူနဲ့တွေ့ဆုံခဲ့သလို အဲ့ဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နဲ့ ဥရောပခရီးစဉ်တွေအတွင်းမှာလည်း တွေ့ဆုံမှုတွေရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org