ကိုအောင်ကိုထွေး ကို လာမယ့် မတ် ၂၈ ရက်နေ့ အမိန့်ချမည်
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2018-03-20 -
-
-
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကိုအောင်ကိုထွေး က ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဖို့ လုပ်ထားကြောင်း ပြောပါတယ်။
"အခု ကျနော်တို့ပြောဆိုခဲ့တဲ့ အမှန်တရားတွေဟာ သူတို့လက်မခံဘူး ၅၀၅ (ခ) နဲ့ ထပ်ပြီးတော့ တရားစွဲတယ်၊ အဲဒီအတွက် ကျနော်ထောင်ကနေ ထွက်လာလို့ အမိန့်ချလိုက်လို့ ထောင်က ထွက်လာရင် နိုင်ငံတကာ တရားရုံးထိ မင်းအောင်လှိုင်ကို ICC ထိ ကျနော်တရားစွဲဖို့လုပ်ထားတယ်၊ ဒီအချိန်မှာ ကျနော်တို့ပြည်သူတွေဟာ မှန်ကန်တဲ့ တရားစီရင်မှုကို လိုချင်တယ်၊ ယနေ့ ဒီပြည်သူ့တရားရုံးတွေကလည်း မှန်ကန်တဲ့ တရားစီရင်မှုကို မပေးဘူး"
ကိုအောင်ကိုထွေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး တရားစီရင်ရေးနဲ့ မြန်မာနိုင်ငံက တရားဥပဒေကို အယုံအကြည်မရှိဘူးဆိုပြီး တရားရုံးကို သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။ တရားရုံးကို သပိတ်မှောက်မှုကြောင့် တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထောင်ဒဏ် ၆ လချမှတ်ခဲ့ပါတယ်။
ကိုအောင်ကိုထွေး တရားရုံးထုတ်ချိန်တိုင်းမှာ သတင်းမီဒီယာရယူခွင့် ကန့်သတ်တာတွေများပြီး လုံခြုံရေး တင်းကြပ်ထားပါတယ်။
ကိုအောင်ကိုထွေးကို ဝန်းရံခဲ့သူတွေထဲက ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပြင် ဆူပူမှုပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်း၊ ဝန်းရံသူတွေထဲက ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေး တို့ကိုလည်း တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။