အပစ်ရပ်စာချုပ်မူကြမ်းပျက်သွားမှာ စိုးရိမ်ကြောင်း ဝန်ကြီး ဦးအောင်မင်း ပြောကြား
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးဆိုတဲ့ တိုင်းရင်း သားတွေဘက်က တောင်းဆိုထားတဲ့မူကြောင့် ၂ နှစ် နီးပါးကြာ ဆွေးနွေးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း ပျက်သွားမှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
-
2015-08-06 -
-
-
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးဆိုတဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတဲ့မူကြောင့် ၂ နှစ်နီးပါးကြာ ဆွေးနွေးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း ပျက်သွားမှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြန်လည်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့တာပါ။
"အစိုးရဘက်က တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ SD ကတင်ပြတဲ့ အားလုံးပါဝင်ရေးဆိုတဲ့ကိစ္စကို ချင်းမိုင်မှာ အဆိုညှိနှိုင်းချက်ကို နည်းလမ်းချပြီးရှေ့ဆက်သွားဖို့ဆန္ဒရှိပါတယ်၊ ဒီကိစ္စတစ်ခုတည်းနဲ့ ကျနော်တို့ကြား ၂ နှစ်နီးပါး ကြိုးစားခဲ့တဲ့အားထုတ်မှုတွေ အလဟသဖြစ်သွားမှာကို စိုးရိမ်ပါတယ်၊ SD ဘက်က ခေါင်းဆောင်များ ကလည်း ကျနော်တို့နည်းတူ သဘောထားရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ လက်တကမ်းက ငြိမ်းချမ်းရေး အခွင့်အရေးကို အမိအရဆုပ်ကိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခကို အဓိကဖြေရှင်းရမယ့် အခင်းအကျင်းက နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ပါတယ်"
တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲတွေရဲ့ အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေက အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးပြီးနောက် တိုက် ပွဲတွေဖြစ်နေမှာကို မလိုလားဘူးလို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို လက်ခံမှသာ လက်မှတ်ရေးထိုးနိုင်မယ်လို့ ခေါင်းဆောင်တွေက ဆုံးဖြတ်ထားကြပါတယ်။
ဒီနေ့သဘောတူတဲ့အချက်တွေက အပစ်ရပ်စာချုပ်မှာ ဘယ်သူတွေလက်မှတ်ရေးထိုးမလဲဆိုတဲ့အချက်ကို အစိုးရဘက်က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေ ပါဝင်ရေးထိုးမှာဖြစ်ပြီး တိုင်းရင်းသားတွေဘက်က ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ်တွေ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အသိသက်သေတွေပါဝင်ရေးကိစ္စမှာ ပြည်တွင်းသက်သေတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခွင့်ကို နှစ်ဖက်စလုံးက သဘောတူညီပြီး နိုင်ငံ တကာ အသိသက်တွေအဖြစ် ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အမေရိကန်၊ ဗြိတိန်၊ နော်ဝေနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ခွင့်ကို တိုင်းရင်းသားတွေဘက်က သဘောတူပေမယ့် အစိုးရဘက်ကတော့ ခေါင်းဆောင်တွေ နဲ့ ပြန်လည်ဆွေးနွေးဦးမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နောက်အချက်တချက်ဖြစ်တဲ့ တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူတွေရဲ့ သဘောတူညီမှုယူဖို့အချက်ကိုလည်း နှစ်ဘက် သဘောတူညီခဲ့ကြပြီး လက်မှတ်ရေးထိုးတဲ့အခါ ဘယ်အဖွဲ့တွေပါဝင်မလဲဆိုတဲ့ အချက်ကို မနက်ဖြန် ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။