မတရားအသင်း ဆက်သွယ်မှုဥပဒေ မပယ်ဖျက်နိုင်သေးဘူးလို့ ဝန်ကြီးဦးအောင်မင်း ပြော
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ယုံကြည်မှု နည်းနေသေးတဲ့အတွက် ပုဒ်မ ၁၇ မတရားအသင်း ဆက်သွယ်မှု ဥပဒေကို မပယ်ဖျက်နိုင်သေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။
-
2015-08-27 -
-
-
Your browser doesn’t support HTML5 audio
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု နည်းနေသေးတဲ့အတွက် ပုဒ်မ ၁၇ မတရား အသင်း ဆက်သွယ်မှု ဥပဒေကို မပယ်ဖျက်နိုင်သေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင် နိုင်ငံတော်သမ္မတရဲ့ အမိန့်အရ လုပ်ဆောင်တာဖြစ်တဲ့အတွက် ပုဒ်မ ၁၇ နဲ့ မညိစွန်းတာဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက အခုလို တင်ပြခဲ့ပါတယ်။
"အခုကတော့ ကျနော်တို့က သူ့ကိုကိုယ်မယုံ ကိုယ့်ကိုသူမယုံနဲ့ ဒီလိုဖြစ်တဲ့အခါကျတော့ ပုဒ်မ ၁၇(၁) ကို စောပြီးဖြုတ်ရမယ့်ဥစ္စာကို မဖြုတ်နိုင်ဘူး၊ မဖြုတ်နိုင်တဲ့အခါကျတော့ ကျနော်တို့က သူတို့ကို သွားစကားပြော တာတောင်မှ ဦးအောင်မင်းဆီမှာ အပြစ်ရှိတယ် ၊ Presidential Order လို့ခေါ်တဲ့ သမ္မတကြီးဆီက အမိန့် ကို တောင်းရတယ်၊ သမ္မတကြီးပေးတဲ့အမိန့်နဲ့ ကျနော်ကသွားပြီး ပြောရတာဖြစ်တဲ့အတွက် အကယ်၍ ဦးအောင်မင်းကို ၁၇(၁)နဲ့ စွဲလာမယ်ဆိုရင် Presidential Order နဲ့ ကာကွယ်ဖို့အတွက် ပြင်ဆင်ထားတယ် ဆိုတာ တင်ပြပါတယ်"
အစိုးရက လာမယ့် စက်တင်ဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးတဲ့အခါ အဲဒီစာချုပ်ကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးအောင်မင်းရဲ့ တင်ပြချက်တွေအပေါ် လွှတ်တော်ကိုယ်စားလှယ် ၅ဦးက ပြန်လည်ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။