မန္တလေးမှာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ပစ်သတ်ခံရ
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီလ ၁၃ ရက် မနေ့က ဗုံးနဲ့ အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ၁၅ နှစ်အရွယ် မသန္တာလှိုင် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-14
-
-
-
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီလ ၁၃ ရက် မနေ့က ဗုံးနဲ့ အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ၁၅ နှစ်အရွယ် မသန္တာလှိုင် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျည်ဆန် နှစ်ချက် ထိမှန်သေဆုံးခဲ့တဲ့ မသန္တာလှိုင်ကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာတော့ ကြာနီကန် သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
မသန္တာလှိုင်ဟာ မိဘကို လုပ်ကျွေးနေသူဖြစ်ပြီး အလုပ်ကိုသွားတဲ့လမ်းမှာ အခုလို အပစ်ခံခဲ့ရတာလို့ လုံခြုံရေးအရအမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကြက်အူ သန့်ရှင်းရေးလုပ်တဲ့သူပေါ့၊ အဲဒီနေ့က အလုပ်ကို စက်ဘီးနဲ့အလာ သူကအရှေ့ကစီးလာတာ၊ သူတို့ရှေ့မှာတင် ဗုံးနဲ့ ရုံးကိုပစ်သွားတော့ သူတို့လည်း ကြောက်လန့်ပြီး အမြန်နင်းကြတာမှာ စစ်သားတွေ ပစ်လိုက်တဲ့ ကျည်ထိတာ၊ ပထမက ခြေထောက် ရှပ်ထိတာ၊ နောက်တစ်ချက်က ရင်ဘတ်ကို ထိသွားတာ မိဘတွေ ရောက်သွားတဲ့အထိ ကလေးက အသက်မသေသေးဘူး၊ ဒါပေမဲ့ စစ်သားတွေက သယ်သွားတော့ လမ်းမှာ သေတာနေမှာ၊ အလောင်းကို ဆေးရုံကြီးကို သွားထုတ်ခဲ့ရတယ် ၊ သူ့နောက်က ထိုင်လိုက်လာတဲ့ သူက နီးစပ်ရာ လက်ဘက်ရည်ဆိုင်ထဲ ပြေးဝင်သွားတော့ လွတ်သွားတယ်၊ ခေါင်းပဲ နည်းနည်းထိတာ"
မသန္တာလှိုင်ရဲ့ အလောင်းကို ပြန်ရချိန်မှာတော့ ရင်ခွဲစစ်ဆေးထားသလို ဦးခေါင်းကိုလည်း ခွဲစိတ်ထားတယ်လို့ ဆိုပါတယ်။
လမ်းသွားလမ်းလာတွေ အခုလိုအပစ်ခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့တပ်စွဲထားတဲ့နေရာကို ပစ်ခတ်ခံရရင် နီးစပ်ရာကို ရမ်းသမ်းပစ်ခတ်လေ့ ရှိတယ်လို့ မန္တလေးမြို့ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အသက်မပြည့်သေးတဲ့ ကလေး ၉၀ နီးပါး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။