ဘိုကလေးမြို့နယ် NLD ပါတီဥက္ကဌကို တာဝန်ကနေ တစ်နှစ်ရပ်ဆိုင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးအောင်မြင့် ကို ပါတီစည်းကမ်းတွေ မလိုက်နာတာနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ထိခိုက်စေတဲ့ အတွက်ဆိုပြီး ပါတီတာဝန်ကနေ တစ်နှစ်ရပ်ဆိုင်းလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးအောင်မြင့်ကို တွေ့ရစဉ် Photo: Aung Myint's facebook

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးအောင်မြင့် ကို ပါတီစည်းကမ်းတွေ မလိုက်နာတာနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ထိခိုက်စေတဲ့ အတွက်ဆိုပြီး ပါတီတာဝန်ကနေ တစ်နှစ်ရပ်ဆိုင်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဗဟိုကို အယူခံဝင်မှာမဟုတ်ဘဲ ကြေညာချက်ထုတ်ပြီး ပါတီကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ တာဝန်ရပ်စဲခံရတဲ့ ဦးအောင်မြင့် က ပြောပါတယ်။

"ကျနော်က အယူခံမဝင်ဘူး၊ ဖြေရှင်းချက်၊ ကြေညာချက်ထုတ်ပြန်ပြီး အပြီးပိုင်နှုတ်ထွက်မယ်လို့၊ ဘာကြောင့် လဲဆိုတော့ ကျနော့်ကို အခုလိုပါတီက တာဝန်ကနေ ရပ်ဆိုင်းအရေးယူတာ ၂ ကြိမ်ရှိပြီ၊ စစ်ဗိုလ်လူထွက်တွေ၊ ဗိုလ်အောင်ရွှေတို့အုပ်စု၊ ပါတီဒုဥက္ကဌ ဦးခင်မောင်ချစ်တို့နဲ့ ပေါင်းပြီးတော့ ၂၀၀၅ နိုဝင်ဘာ ၁၆ တုန်းက  ပါတီရဲ့ ကျနော့်တာဝန်တွေရပ်ဆိုင်းခံရတယ် ၇ နှစ်ပေါ့၊ ၂၀၁၂ ပါတီပြန်မှတ်ပုံတင်ပြီး ညီလာခံတွေပြန်စတော့ ဗဟို ညီလာခံကိုယ်စားလှယ်အဖြစ် အရွေးခံရတာပေါ့နော်၊ ဒါမြို့လူထုက မဲပေးတာ၊ အခုဒုတိယအကြိမ်ဆိုတော့ ကျနော် သည်းမခံနိုင်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သွေးစစ်တဲ့ NLD တွေကို အကုန်လုံး ဖြုတ်၊ ထုတ်၊ သတ် လုပ်ပြီးတော့ စစ်ဗိုလ်လူထွက်တွေ ကြီးစိုးနေတာကို ကျနော် သည်းမခံနိုင်တဲ့အတွက် ပါတီကထွက်ဖို့ ဆုံးဖြတ်လိုက်တာ"

ဦးအောင်မြင့်ဟာ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို မြို့နယ် NLD ပါတီရုံးမှာ လက်ခံတွေ့ဆုံတာ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း၊ လယ်သမားအရေးဆောင်ရွက်နေတဲ့ ဦးဇော်ရမ်းတို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေအပြင် လူမှုကွန်ရက်မှာ တပ်မတော်ကို ဝေဖန်ရေးသားတာတွေနဲ့ ပတ်သက်ပြီး ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌနဲ့ ရပ်/ကျေးဥက္ကဌ တို့ရဲ့ တိုင်ကြားချက် တွေကြောင့် တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။

အဲဒီလို လက်ခံတွေ့ဆုံတာ၊ ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒီမိုကရေစီမဟာမိတ်တွေနဲ့ တစ်သားတည်း ဖြစ်ဖို့လိုတာကြောင့် အခုလို အလွတ်သဘော နွေးနွေးထွေးထွေးဆက်ဆံတာဖြစ်တယ်လို့ ခေါ်ယူစစ်ဆေးရာမှာ ဖြေကြားခဲ့တယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။

ဒါပေမဲ့ ဒီနေ့ နေ့လည်ပိုင်းက RFA က မေးမြန်းချိန်အထိ အခုလို ပါတီတာဝန်ကနေ တစ်နှစ်ရပ်ဆိုင်းခံရတာနဲ့ ပတ်သက်ပြီး တိုက်ရိုက်အကြောင်းကြားလာတာ မရှိသေးဘူးလို့လည်း ဦးအောင်မြင့် က ပြောပါတယ်။

ဦးအောင်မြင့်ကို ပါတီတာဝန်ကနေ ၁ နှစ်ရပ်ဆိုင်းလိုက်ကြောင်း တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်ရဲ့ လက်မှတ်နဲ့ စာထုတ်ပြန်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမျိုးညွန့် က အတည်ပြုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org