ရှေ့နေဦးကိုနီ လုပ်ကြံရာမှာ အဓိက ခိုင်းစေခဲ့သူ ဒုဗိုလ်မှူးကြီးဟောင်း တဦး ထွက်ပြေးလွတ်မြောက်နေဆဲ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုနဲ့ ပတ်သက်လို့ နောက်ကွယ်က အဓိက ငွေပေးခိုင်းစေ ခဲ့သူဟာ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဆိုသူဖြစ်ပြီး၊ သူ့ကိုဖမ်းဆီးရမိဖို့ စုံစမ်းရှာဖွေနေတယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ညနေပိုင်းက သတင်းထုတ်ပြန်လိုက် ပါတယ်။
-
2017-02-15 -
-
-
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက် လို့ နောက်ကွယ်က အဓိက ငွေပေးခိုင်းစေခဲ့သူဟာ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဆိုသူ ဖြစ်ပြီး၊ သူ့ကိုဖမ်းဆီးရမိဖို့ စုံစမ်းရှာဖွေနေတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ညနေပိုင်းက သတင်းထုတ်ပြန် လိုက်ပါတယ်။
ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံရာမှာ နောက်ကွယ်က ပူးပေါင်းပါဝင်သူတဦးဖြစ်တဲ့ ဦးအောင်ဝင်းဇော်ကို စစ်ဆေးချက်အရ သေနတ်နဲ့လုပ်ကြံသူ ဦးကြည်လင်းကို ငွေကျပ် သိန်းတထောင် ပေးမယ်ဆိုပြီး ခိုင်းစေခဲ့သူဟာ ညီဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်ပြီး၊ သူဟာ ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်က မိမိဆန္ဒအရ နှုတ်ထွက် ခဲ့သူဖြစ်ကြောင်း၊ ဦးကိုနီကိုလုပ်ကြံဖို့ ငွေသိန်းတထောင်ထဲက စရံအဖြစ် သိန်းတရာကို ဦးကြည်လင်းကို စရံ အဖြစ် ပေးအပ်ခဲ့ကြောင်း၊ ဦးကိုနီကို လုပ်ကြံရာမှာ ဦးကြည်လင်း ကိုင်ဆောင်ခဲ့တဲ့ သေနတ်တွေကို မနှစ် က အောက်တိုဘာလက ထိုင်းနိုင်ငံ အုန်းဖျန် ဒုက္ခသည် စခန်းက "မြင့်ဆွေ" ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်က အစ်ကိုဖြစ်သူ ဦးအောင်ဝင်းဇော်ကို ဖုန်းနဲ့ ၂ ကြိမ်ဆက်ပြီး လုပ်ကြံဖို့ ညွှန်ကြားခဲ့ကြောင်း၊ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ အခုအခါ ထွက်ပြေး လွတ်မြောက်နေပြီး၊ သူ့ကိုဖမ်းဆီးရမိဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။