ဦးကိုနီအမှုမှာ အောင်ဝင်းဇော် ကို စစ်ဆေး

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံခဲ့ရတဲ့အမှုအတွက် ကြည်လင်း၊ အောင်ဝင်းဇော် ၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံတဲ့အမှုအတွက် အောင်ဝင်းဇော် ကို ရုံးထုတ်ခဲ့စဉ်

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံခဲ့ရတဲ့အမှုအတွက် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း နဲ့ ဇေယျာဖြိုး တို့ကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

ဒီနေ့မှာတော့ သေနတ်သမားကြည်လင်းနဲ့ အတူ ရန်ကုန်လေဆိပ်မှာ ရှိနေတယ်ဆိုပြီး ထင်ကြေးပေးခံရ သူ အောင်ဝင်းဇော်ကို စစ်ဆေးတာဖြစ်ပြီး CCTV မှတ်တမ်းတွေရှိပေမယ့် ငြင်းဆန်နေတယ်လို့ ဦးကိုနီရဲ့ ရှေ့နေဖြစ်သူ ဦးနေလ က ပြောပါတယ်။

"CCTV မှတ်တမ်းတွေကို အကြိမ်ကြိမ်အခါအခါ ပြခိုင်းတယ်။ ပြီးတဲ့အခါကျတော့ ကိုယ့်ပုံကြီးပါရဲ့သားနဲ့ သူနဲ့ ကြည်လင်းနဲ့ ရှေ့ဆင့်နောက်ဆင့် သွားလာနေတဲ့ ထင်ထင်ရှားရှားပုံတွေပါရဲ့သားနဲ့ နောက်သူနဲ့ အတူ ကျောခြင်းကပ်ပုံတွေပါနေရဲ့သားနဲ့ အဲဘေးမှာ ကြည်လင်းကို သူမတွေ့ဘူးလို့ ဗြောင်လိမ်တယ် တရားခံဘက်ကနေ အချိန်ဆွဲနေတယ် ဆိုတဲ့ အချက်ကို တော့ ခိုင်ခိုင်မာမာ ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးအနေအထားကျတော့ တရားခံတွေ အားလုံးကို ခုခံချေပခွင့် အပြည့်အဝမပေးဘူး ဆိုတဲ့ သဘောထားမျိုးမဖြစ်အောင် တရားရုံးက အတတ်နိုင်ဆုံးလိုက်လျောနေတယ်ဆိုတဲ့ အနေအထားမျိုးကို လည်း တွေ့ရတယ် ။ ဒါကြောင့်မို့လို့ ဒီတရားခွင်ဟာဆိုလို့ဖြစ်ရင် လတ်တလောအားဖြင့် ပြောရမယ် ဆိုလို့ဖြစ်ရင် ဥပဒေနဲ့ အညီ စစ်ဆေးနေတဲ့ တရားခွင်ဖြစ်တယ်လို့ပဲ နောက်ဆုံးပြောချင်ပါတယ်။"

အောင်ဝင်းဇော်ကတော့ သူတရားရုံးမှာ ထွက်ဆိုတာတွေဟာ အမှန်အတိုင်းထွက်ဆိုတာတွေသာ ဖြစ်တယ် လို့ ပြောပါတယ်။

ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်ပစ်ခတ်ပြီး လုပ်ကြံခံရတာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စွဲချက်တင် စစ်ဆေးနေတာပါ။

လုပ်ကြံရာမှာ ပါဝင်ပတ်သက်သူတစ်ဦးလို့ သတင်းထွက်ပေါ်နေတဲ့ အောင်ဝင်းခိုင် ဆိုသူတော့ ထွက်ပြေးတိမ်းရှောင်နေပြီး လက်ရှိအချိန်အထိ ဖမ်းမိခြင်း မရှိသေးပါဘူး။

ဒီအမှုကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org