ဟာသသရုပ်ဆောင် သေဆုံးမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်ပြီး အမှုကို ဆက်လက်စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
-
2018-07-30 -
-
-
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်ပြီး အမှုကို ဆက်လက် စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
လူမှုကွန်ယက်မှာ ဟာသဗွီဒီယိုတွေနဲ့ လူသိများလာတဲ့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ရုပ်သိမ်းခွင့်ပြုတဲ့ အမိန့်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် ဒီနေ့မှာပဲ အမှုကို အခုလို ဆက်စစ်ဆေးဖို့ ညွှန်ကြားချက် ထွက်လာတာဖြစ်ပါတယ်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်ခဲ့တဲ့ အပေါ်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက်မတင်မီ လွှတ်တဲ့အမိန့် ချထားတာဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်ပြီး စစ်ဆေးဖို့ တိုင်းဒေသကြီးတရားလွှတ်တော် ကို တင်ပြဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို "စွဲချက်မတိုင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့" ပြင်ဆင်ချက်ကို တင်သွင်းသွားမယ်လို့ ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ ရေးသားထားပါတယ်။
တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက်တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပြီး တရားလိုပြ သက်သေ ၂၂ ဦးထဲက ၁၄ ဦး ထွက်ဆိုချက်ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမှုကနေ လွှတ်မိန့်ချထားတဲ့ တရားခံလို့ သံသယရှိထားသူ သုံးဦးက ပြည်ပနိုင်ငံကို ထွက်သွားတယ်လို့ မေးခွန်း ထုတ်နေတဲ့အပေါ်မှာလည်း အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ သာဓကတွေရှိတဲ့အတိုင်း ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဦးဇော်ဌေး က ရေးသား ထားပါတယ်။