လာမယ့်နှစ်အစောပိုင်း မြန်မာကနေ ထွက်ခွာမယ်လို့ ဩစတြေးလျဘဏ် ANZ ကြေညာ
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ANZ ဟာ မြန်မာနိုင်ငံက ထွက်ခွာဖို့ဆုံးဖြတ်တဲ့ ပထမဦးဆုံး နိုင်ငံခြားဘဏ်ဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။
- 2022-11-22
-
-
-
ဩစတြေးလျဘဏ် ANZ ဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်း မှာ မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ဩစတြေးလျအစိုးရပိုင် သတင်းမီဒီယာတစ်ခုဖြစ် တဲ့ ABC က နိုဝင်ဘာလ ၂၂ ရက် ဒီကနေ့မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်း စုံစမ်းဖော်ထုတ်နေတဲ့ Justice for Myanmar ကလည်း ANZ ရဲ့ ဆုံးဖြတ်ချက် ကို ကြိုဆိုကြောင်း ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်းသွင်းကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ပိုင်း ANZ ဟာ မြန်မာနိုင်ငံက ထွက်ခွာဖို့ဆုံးဖြတ်တဲ့ ပထမဦးဆုံး နိုင်ငံခြားဘဏ်ဖြစ်တယ် လို့ JFM က ဖော်ပြထားပါတယ်။
ဩစတြေးလျနိုင်ငံအခြေစိုက် ANZ ဘဏ်အပါအဝင် နိုင်ငံတကာဘဏ်တချို့ဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အင်း၀ဘဏ်နဲ့ ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ခဲ့တယ်လို့ JFM က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ANZ အပါအဝင် တခြားနိုင်ငံတကာ ဘဏ်တချို့ဟာ စစ်ကောင်စီက မြန်မာပြည်သူတွေ အပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ ကူညီပေးနေတဲ့ အင်း၀ဘဏ်နဲ့ စီးပွားရေးဆက်လုပ်နေတာဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ JFM က ဆိုထားပါတယ်။
အင်း၀ဘဏ်ဟာ စစ်ကောင်စီတပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ထိန်းချုပ်ထားတဲ့ ဘဏ် နှစ်ခုထဲက တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကို လစာတွေပေးဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ စီးပွားရေးကွန်ရက်တွေကို ပံ့ပိုးကူညီပေးဖို့အတွက် အသုံးပြုနေတာလို့ JFM က ဖော်ပြထား ပါတယ်။