လယ်မြေအသိမ်းခံရမှု အာဏာပိုင်တွေ စစ်ဆေး

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲ မြို့သစ်မှာ ဇေကမ္ဘာကုမ္ပဏီက မတန်တဆ ဈေးနှိမ်ပြီး မြေသိမ်းခံခဲ့ရ တဲ့ လယ်သမားတွေရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးပြီးသွား ပေမယ့် ခုချိန်ထိ ဘာ အကြောင်းပြန်ကြားချက်မှ မသိရသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ် AFP

ပုလဲမြို့သစ်မှာ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်သမား ၁ ရာလောက်ရဲ့ လယ်ဧက တထောင်ကျော်ကို သိမ်းယူတဲ့ကိစ္စအပေါ် မကျေနပ်တဲ့အတွက် လယ်သမား ၆၄ ဦးက မတ်လက တိုင်ကြားခဲ့တာကို ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ လယ်သမားတဦးက ပြောပါတယ်၊

“တိုင်ထားတာ ဟုတ် မဟုတ်၊ လျော်ကြေး တကယ်ယူထားတာ ဟုတ်မဟုတ်၊ ဒီမြေကြီးတွေ တကယ် သိမ်းခံရတာ ဟုတ်မဟုတ်ပေါ့။ လယ်သမားတွေရဲ့ ထွက်ဆိုချက်ကတော့ ဒါ မတရားသိမ်းခံရတာမို့ တန်ရာတန်ကြေး ပေးပေ့ါ။ အများစုက ကိုယ့်လယ်ကိုယ် ပြန်စိုက်ချင်ကြတယ်။ လယ်တွေကို လျော်ကြေးပေးပြီး အဓမ္မ သိမ်းထားတာ ဇေကမ္ဘာကုမ္ပဏီက ပေါ့ဗျာ။ လျော်ကြေးကို ပထမ ၁ သောင်း၊ တသောင်းကနေ ၅ သောင်း၊ ၅ သောင်းကနေ တသိန်း။ တသိန်းကနေ နည်းလို့ မကျေနပ်လို့ ဆိုပြီး ၃ သိန်းအထိ ထပ်တိုးပေးတာပေါ့။ စစ်တာကတော့ သြင်္ကန်မတိုင်ခင် ၆ ရက် ၇ ရက်မှာ ပြီးသွားပြီ။ အခုထက်ထိတော့ အဖြေ မထွက်သေးဘူး”

လယ်သမားတွေကို မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးမှာရှိတဲ့ မြို့နယ် မြေစာရင်း စီမံကိန်းရုံးမှာ ခေါ်ယူ စစ်ဆေးတာခဲ့တာပါ။ ဒါဟာ ရန်ကုန်တိုင်း စစ်တိုင်းမှူးက ညွှန်ကြားတဲ့အတွက် တိုင်းနဲ့ ခရိုင် မြေစာရင်း ဦးစီးမှူးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း ဦးစီးဌာနက အင်ဂျင်နီယာတွေက စစ်ဆေးတာလို့ သိရပါတယ်။

ဒါ့အပြင် အရာရှိတွေဟာ လယ်မြေတွေကိုလည်း ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ ဒီလို စစ်ဆေးပေမယ့် စက်မှုဇုံ စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတုန်းပဲလို့လည်း ပြောပါတယ်။

“အခု ကွန်ကရစ်လမ်းတွေ ဓာတ်မီးတိုင်တွေစိုက်ပေါ့။ အခု စစ်ဆေးရေးအဖွဲ့ စစ်ပြီးတာတောင်မှ သူက မလျှော့သေးဘူး။ နောက်ထပ် ဓာတ်မီးတိုင်တွေ၊ ကွန်ကရစ်လမ်းတွေ ထပ်ချဲ့ပြီး လုပ်ကွက်ကို ပုံမှန်အတိုင်း ဆက်လုပ်နေတုန်းပဲ။ လုံးဝ မလျှော့သေးဘူး”

မြန်မာနိုင်ငံအနှံ့ မြေယာသိမ်းယူတဲ့ အမှုအခင်းတွေ ဖြစ်ပွားနေပြီး ခုလို မင်္ဂလာဒုံမြို့နယ်က မြေယာ အသိမ်းခံရတဲ့ ကိစ္စကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးနေတယ် သတင်းကြားရတဲ့အတွက် ဘာ လျော်ကြေးမှ မရဘဲ လယ်ယာမြေ အသိမ်းခံလိုက်ရလို့ လယ်မဲ့ယာမဲ့ဖြစ်သွားတဲ့ သင်္ကန်းကျွန်းမြို့နယ်က လယ်သမားတွေကလည်း ဒီကိစ္စကို အထူး စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org