ဧရာ၀တီဘဏ် ဓားပြတိုက်ခံမှု PDF လုပ်တာလို့ စစ်ကောင်စီစွပ်စွဲ
ပဲခူးမြို့မှာ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကျပ်ငွေ သန်း ၄၀၀၀ ဓားပြတိုက် ခံရတဲ့ကိစ္စကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ကလုပ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး စွပ်စွဲထားပါတယ်။
- 2021-09-15
-
-
-
ပဲခူးမြို့မှာ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကျပ်ငွေ သန်း ၄၀၀၀ ဓားပြတိုက်ခံရတဲ့ကိစ္စကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) ကလုပ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး စွပ်စွဲထားပါတယ်။
စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ပဲခူးမြို့မှာရှိတဲ့ AYA ဘဏ်တွေရဲ့ ငွေသားတွေကို တင်ဆောင်လာတဲ့ ကားကို အင်းတကော်မြို့အနီးက ဘူးလယ်အင်းကျေးရွာအနီးအရောက်မှာ ယာဉ်ထိန်းရဲ အယောင် ဆောင်ထားသူ အပါအဝင် လက်နက်ကိုင်ထားသူတစ်စုက ဓားပြတိုက်ယူသွားခဲ့တာ ဖြစ်ပါတယ်။
ငွေဓားပြတိုက်တဲ့ကိစ္စမှာ PDF အဖွဲ့ဝင်တွေပါဝင်တာ လုံး၀မရှိဘဲ ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ဦး အဖမ်းခဲ့ရတဲ့ကိစ္စကိုပါ ပူးပေါင်းပြီး တမင်ပုံဖျက်တာဖြစ်တယ်လို့ ပဲခူး PDF တာဝန်ရှိသူတစ်ဦးက ပြည်တွင်းသတင်းဌာန မဇ္ဇျိမကို ဖြေဆိုထားပါတယ်။
ဓားပြတိုက်မှုဖြစ်ပြီး (၉) နာရီအတွင်း ဓားပြတိုက်သူလို့ ယူဆရသူ သုံးဦးကို ကျပ်ငွေ သန်း ၃၈၅၀ အပြင် လက်ပစ်ဗုံးနဲ့ပါ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဆက်စပ်ဖမ်းဆီးမှုအရ နောက်ထပ်တစ်ဦးနဲ့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) မှာရှိတဲ့ ဓမ္မဒူတ သီလရှင်ကျောင်းက သီလရှင်နှစ်ပါးကိုပါ ငွေကျပ် သိန်း ၅၅၀၊ Remington Model 700 အမျိုးအစား ပြောင်းချော သေနတ်တစ်လက်နဲ့အတူ ထပ်ဖမ်းမိခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
အဲဒီဘဏ်ငွေတွေ ဓားပြတိုက်မှုကိစ္စအတွက် အမျိုးသား ရှစ်ဦးနဲ့ သီလရှင် နှစ်ပါး အပါအဝင် အမျိုးသမီး လေးဦးကို M-79 ဗုံးပစ်လောင်ချာ တစ်လက်၊ AK-47 သေနတ်နှစ်လက်နဲ့ ကျည်အိမ်လေးခု၊ ကျည်အတောင့် ၂၂၀ ၊ MK-12 သေနတ်ခြောက်လက်နဲ့ ကျည်အိမ်မျိုးစုံ (၁၂) ခု၊ Remington model 700 အမျိုးအစား ပြောင်းချောသေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံးနဲ့ပါ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ကြေညာ ထားပါတယ်။