ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်

ပုဂံဒေသကို World Heritage Committee က ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ဒီနေ့ညနေမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေက ဓမ္မရံကြီးဘုရားကို တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က ဒီနေ့ညနေမှာ ဆုံးဖြတ်လိုက်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်လိုက်တဲ့ အထဲမှာ ဘုရားတွေနဲ့ လူနေရပ်ကွက်တွေလည်း ပါဝင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ နိုင်ငံတကာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက RFA ကို မနေ့က ပြောထားပါတယ်။

ပြဿဒ်ကြီး၊ ဓမ္မွရံကြီး၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို စတဲ့ နာမည်ကြီး ဘုရာစေတီတွေပါဝင်ပြီး အဆောက်အအုံ စုစုပေါင်း ၃၈၂၂ ခု ပါဝင်တယ်လို့ သိရပါတယ်။ အမွေအနှစ်ကို ထိခိုက်နိုင်တဲ့ ဟိုတယ်တွေကိုတော့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီး အချိန်ကာလတစ်ခု သတ်မှတ်နေရာပြောင်းရွှေ့ဖို့ စီစဉ်သွားရမှာ ဖြစ်ကြောင်းလည်း ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

ဒီနှစ်ကျင်းပတဲ့ UNESCO အစည်းအဝေးမှာ နေရာ ၃၅ ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ် နိုင်ရေး ဆွေးနွေးနေရာမှာ ပုဂံဒေသလည်း အပါအဝင် ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ UNESCO အဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ်သတ်မှတ်နိုင်ရေးကို ၂၀၁၃ ခုနှစ်က စတင်ပြီး စီစဉ်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်နိုင်ရေးကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee) ကို နိုင်ငံပေါင်း ၂၁ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုထက်အာကာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org