ပဲခူးမြစ်ဘေး အထက်ဇိုင်းဂနိုင်းကြီးအုပ်စုထဲက ရွာကိုးရွာ ရေမြုပ်နေ

ပဲခူးမြစ်ကမ်းနံဘေးရှိ အထက်ဇိုင်းဂနိုင်းကြီးအုပ်စု ရွာကိုးရွာဟာ သုံးရက်ကြာတဲ့အထိ ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ဇိုင်းဂနိုင်းကြီးအုပ်စု ရွာကိုးရွာ ရေနစ်မြုပ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ပဲခူးမြစ်ကမ်းနံဘေးမှာရှိတဲ့ အထက်ဇိုင်းဂနိုင်းကြီးအုပ်စုထဲက ရွာကိုးရွာဟာ အောက်တိုဘာလ ၈ ရက်နေ့ကစပြီး အောက်တိုဘာလ ၁၀ ရက် ဒီနေ့ သုံးရက်ကြာတဲ့အထိ ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အထက်ဇိုင်းဂနိုင်းကြီးရွာ၊ ထားဝယ်အင်းရွာ၊ ကန်တော်ရွာသစ်ရွာ၊ ကော့ပြင်းဝိုင်ရွာ၊ ကျိုက်ကစဉ်ရွာ၊ ကျွန်းဦးရွာ၊ ကျွဲဒညင်းကုန်းရွာ၊ သာဂလရွာနဲ့ ဇောင်းယားကုန်းရွာတွေမှာ နေအိမ်တွေအခုထိနစ်မြုပ်နေပြီး လူပေါင်း ၃၆၀၀ ကျော် ဒုက္ခရောက်နေသလို စပါးခင်းတွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးမြစ်အနီး အထက်ဇိုင်းဂနိုင်းကြီးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက သူတို့အတွက် လက်ရှိ အစားအသောက် လိုအပ်နေပြီး ရေကျသွားရင်တောင်မှ အခက်အခဲဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

"လက်ရှိကြုံနေရတာတော့ သွားရေးလာရေး အဆင်မပြေဘူး။ နောက်ပြီးတော့ ရိက္ခာပေါ့။ ကျွန်တော်တို့ ရွာသားတွေအကုန်လုံးက စပါးကိုအားကိုးရတာ။ အခုစပါးတွေ အကုန်မြုပ်တော့ ရေကျသွားရင်တောင် စားဖို့သောက်ဖို့ အခက်အခဲကြုံရမှာ"

အိမ်ထောင်စု သုံးရာကျော်နဲ့ လူဦးရေ ၁,၂၀၀ ကျော်ရှိတဲ့ အထက်ဇိုင်းဂနိုင်းကြီးရွာလည်း ရေနစ်မြုပ်နေတာကြောင့် အများစုဟာ ဘုန်းကြီးကျောင်းနဲ့ အထပ်မြင့်အိမ်တွေမှာ နေထိုင်နေကြရပြီး စားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်းကပဲ ကျွေးမွေးထားရတယ်လို့ ဆိုပါတယ်။

တစ်ရွာလုံးက စပါးဧက စုစုပေါင်း ခုနစ်ဆယ်ကျော်လည်း ရေနစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်မှာလည်း မိုးသည်းထန်စွာ ဆက်ရွာနေပြီး ဇလပ်ထော် ရေလှောင်တမံရဲ့ ရေလွှဲလမ်းကြောင်း ပေငါးဆယ်ခန့် ပျက်စီးခဲ့တာကြောင့် ဆည်ရေတချို့ကို ဇလပ်ထောင်ချောင်းထဲ ဖောက်ချမယ်လို့ ပဲခူးတိုင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်။

ဒါကြောင့် တမံအောက်မှာရှိတဲ့ သာယာအေး၊ လက်ပံဝင်း၊ ဘူးလယ်အင်းနဲ့ လသာကုန်းရွာတွေထဲကို ရေဝင်ရောက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနစာရင်းတွေအရ ပဲခူးမှာရေကြီးမှုကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ရသူ ၁၄,၀၀၀ ကျော်ရှိလာပြီး ယာယီကယ်ဆယ်ရေးစခန်း ၃၆ ခုမှာ နေရာချပေးထားတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org