ညောင်ပင်သာရွာက အစုအပြုံလိုက်သတ်ဖြတ်မှု ကရင်လူ့အခွင့်အရေးအဖွဲ့တွေ ပြင်းပြင်းထန်ထန်ရှုတ်ချ

ညောင်ပင်သာရွာမှာ စစ်ကောင်စီတပ်တွေက ကလေးငယ်ငါးဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ပဲခူးတိုင်း ညောင်ပင်သာကျေးရွာတွင် စစ်တပ်မှ ဒေသခံများအား မီးရှို့သတ်ဖြတ်သွားသည်ကို ၂၀၂၃ ခုနှစ် မေလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကလာ လွယ်ထူး ခရိုင်၊ ညောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က စစ်ကောင်စီတပ်တွေက ကလေးငယ်ငါးဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၈ ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN တို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နံပါတ် ၁၃ လက်အောက်က ခြေမြန်တပ်ရင်း ၅၉၉ က တပ်သားတွေနဲ့ အခြား တပ်မ၊ တပ်ရင်းတွေက စစ်သားတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ မေလ ၁ဝရက်က KNLA တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ညအချိန်မှာ ရွာထဲကို ဝင်ရောက်စီးနင်း မီးရှို့ပြီး၊ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်ခဲ့တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

နိုင်ငံတကာက အစိုးရတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ တိုက်ရိုက်ပေးအပ်မှု တိုးမြှင့်ဖို့နဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေကို အားပေးထောက်ခံဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မူးမြို့နယ်) ကလည်း စစ်ကောင်စီက ညောင်ပင်သာရွာက အရပ်သားတွေကို အစုအပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မေ ၁၂ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မိမိတို့အဖွဲ့အနေနဲ့ အခုလို လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အစုအဖွဲ့အနေနဲ့ လုံးဝတာဝန်ခံရမှာဖြစ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org