ဝင်းနိမ္မိတာရုံ ဆရာတော် သတ်ဖြတ်ခံရမှု မြောင်မြို့နယ်မှာ ဆန္ဒပြ

RFA Burmese
2024.06.24
ဝင်းနိမ္မိတာရုံ ဆရာတော် သတ်ဖြတ်ခံရမှု မြောင်မြို့နယ်မှာ ဆန္ဒပြ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယက ဆရာတော်ကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့မှုအတွက် စစ်ကောင်စီကို အလိုမရှိကြောင်း မြောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။
Ko Nway Oo-Myaung Photo

ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့မှုအတွက် စစ်ကောင်စီကို အလိုမရှိကြောင်း မြောင်မြို့နယ် ဒေသခံတွေက ဇွန်လ ၂၃ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုကို မြောင်မြို့နယ် လူထုသပိတ်ကော်မတီအဖွဲ့ဝင်တွေနဲ့ မြောင်မြို့နယ် ပညာရေးကွန်ရက်မှာရှိတဲ့ အခြေခံပညာကျောင်း ကျောင်းပေါင်း သုံးဆယ်နီးပါးက သင်ကြားရေး ဆရာ၊ ဆရာမတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို အလိုမရှိကြောင်း၊ ဆရာတော် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ခွင့်လွတ်နိုင်စရာမရှိတဲ့အကြောင်း စတဲ့ကြွေးကြော်မှုတွေနဲ့အတူ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုင်းသိ၊ ပြည်သိ သတ်ဖြတ်မှုမှာ PDF သတ်ဖြတ်ကြောင်း လိမ်လည်သတင်းထုတ်ပြန်တာဟာ မဖြစ်သင့်ဘဲ သတင်းအမှန်ကိုသာ စစ်တပ်ကျင့်ဝတ်အရ ဖော်ပြရမှာဖြစ်တယ်လို့ ဒီဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ကိုနွေဦး (မြောင်) က RFA ကို ပြောပါတယ်။

“စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်ခဲ့တယ်။ ဒါက မဖြစ်သင့်ပါဘူး။ နောက်တစ်ခု ပိုဆိုးတာက ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံခွင့်လွှတ်ပေးဖို့ပြောတာက အကြမ်းဖက်မှု၊ မတရားမှုကို အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်”

စစ်ကောင်စီကတော့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို မှားယွင်းပစ်ခတ်ကြောင်းနဲ့ စိစစ်အရေးယူမယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီနောက် ပျံလွန်တော်မှုရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ သည်းခံခွင့်လွှတ်ပေးဖို့နဲ့ သံဝေဂယူကြဖို့ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရက ဇွန်လ ၂၂ ရက်မှာ မိန့်ကြားခဲ့ပါတယ်။

အခုဆန္ဒပြမှုနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။