လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်က ဒေသခံ နှစ်ဦးသေ၊ ၁၆၀၀ ကျော်ထွက်ပြေး

(KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁,၆၁၆ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ KNU

ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၁ ရက်ကစလို့ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁,၆၁၆ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီး ၃၈ လုံး ပေါက်ကွဲခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးနဲ့ ဗုံးသီးလုံးတွေဟာ မုန်းမြို့နယ်က နောင်ကုန်း၊ တမာခေါ၊ တောင်စု (အရှေ့၊ အနောက်)၊ သပြေကုန်း၊ မျက်ရဲ (မြန်မာ) စတဲ့ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ် လို့ KNU က ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက် မနက်ပိုင်းတုန်းက မျက်ရဲ (မြန်မာ) ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့သလို နောက်ထပ်ရွာသား တစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုတွေကို စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃၅၁ နဲ့ ခြေလျင်တပ်ရင်း ခလရ - ၆၀ က ပြုလုပ်ထားလို့လည်း KNU က ထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစားနာမှုဆိုင်ရာညှိနှိုင်းရေးရေး (UNOCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်တွေအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေအတွင်း အရပ်သား နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org