ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ဖခင် ဖမ်းဆီးခံရ

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို စက်တင်ဘာလ ၁၀ ရက်၊ မနက် ၁၀ နာရီခွဲမှာ ရဲသုံးဦးက နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ဖခင်ဖြစ်သူ ဦးကျော်အေးအား တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် အသက် ၆၈ နှစ်အရွယ် ဦးကျော်အေး ကို စက်တင်ဘာလ ၁၀ ရက်၊ မနေ့ မနက် ၁၀ နာရီခွဲမှာ ရဲသုံးဦးက နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိမှာ ဦးကျော်အေးကို တာမွေမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ -က နဲ့ တရားစွဲဆိုပြီး စက်တင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီမှာ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူ ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဦးကျော်အေးကို ဖမ်းဆီးဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်တချို့မှာ ဖော်ပြခံရပြီးနောက် အခုလို ဖမ်းဆီးခံရတာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်မှာ ဦးကျော်အေးနာမည်၊ အိမ်လိပ်စာနဲ့ အတိအကျ တင်တယ်။ ကျော်ကိုကိုရဲ့ အဖေဖြစ်ပြီးတော့ အကြမ်းဖက်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်ဆိုပြီး ဦးကျော်အေး သုံးတဲ့ အကောင့်ပုံစံမျိုးနဲ့ တင်ထားတဲ့ ပို့စ်နှစ်ခုရှိတယ်။ အသိတွေကတွေ့တော့ ရှောင်ဖို့ ပြောသေးတယ်။ သူကလည်း ဘာမှမလုပ်ထားတော့ အေးဆေးနေနေတာပေါ့။ အဲ့မှာ အဖမ်းခံရတာ”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ကိုကျော်ကိုကိုနဲ့လည်း အဆက်အသွယ်မရတာ ကြာပြီ ဖြစ်သလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရေးသားပြောဆိုမှုတွေလည်း မလုပ်ခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ ဦးကျော်အေးကို မိသားစုက သွားရောက်တွေ့ဆုံခွင့်ရနေ တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာ ထပ်မံရမန်ယူပြီး ဦးကျော်အေးဟာ အင်းစိန်ထောင်ကို ပို့ခံရနိုင်တယ်လို့ မိသားစုက ယူဆထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ ၁၉,၄၅၈ ဦးအထိ ရှိနေပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org