ဗန်းမော်မှာ လယ်ဧက ၃ထောင်ကျော် ရေနစ်မြုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ မိုးကြီး တာကြောင့် တောင်ကျရေတွေနဲ့အတူ နန့်ကျင်လီချောင်း ရေကြီးပြီး လယ်ဧက ၃ ထောင်ကျော်လောက် ရေနစ်မြုပ်နေပါတယ်။

ရေမြုပ်နေတဲ့ လယ်မြေတချို့ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ မိုးကြီးတာကြောင့် တောင်ကျရေတွေ နဲ့အတူ နန့်ကျင်လီချောင်း ရေကြီးပြီး လယ်ဧက ၃ ထောင်ကျော်လောက် ရေနစ်မြုပ်နေပါတယ်။

ရေလွှမ်းနစ်မြုပ်ထားတဲ့ စပါးစိုက်ခင်းတွေထဲက ပမာဏ ဘယ်လောက်ပျက်စီးတယ်ဆိုတာကို ရေကျသွားမှသာ သိနိုင်မယ်လို့ ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း က ပြောပါတယ်။

"ရေမြုပ်သွားတာ ဧက သုံးထောင့်ငါးရာခုနှစ်ဆယ့်လေးဧက။ ပျက်စီးတဲ့စာရင်းက အဲဒီမှာပါလာတဲ့ သဲတို့ ဘာတို့ တချို့လယ်တွေဖုံးတာပေါ့။ အခုက မိုးက ဆက်ရှိနေသေးတဲ့အခါကျတော့ တောင်ကျချောင်း ကလာလိုက်၊ ရေက ပြန်မြုပ်လိုက်၊ ပေါ်လာလိုက်၊ ပျက်စီးမှုစာရင်းကတော့ အတိအကျတော့ မရနိုင်သေးဘူး။ ခန့်မှန်းခြေကတော့ ရာခိုင်နှုန်းအားဖြင့် ငါးဆယ်နီးနီးလောက် ပျက်စီးမှုတော့ရှိတယ်လို့ တွက်တာပဲ။ ဒါပေမဲ့လို့ ပေါ်လာရင်တော့ ဘယ်လောက်ပျက်စီးမယ်လို့တော့ မပြောတတ်ဘူး"

အခုရက်ပိုင်းအတွင်း ဗန်းမော်မြို့နယ်မှာ မိုးကြီးခဲ့တာကြောင့် စီဟဲ၊ စီအင်၊ မန်ခွန်၊ ခိုကျင်၊ မန်ဖာ၊ ကံကြီး၊ ကုန်းမဟတ် စတဲ့ ရွာတွေဘက်က နန့်ကျင်လီချောင်းဝဲယာမှာရှိတဲ့ လယ်ဧက ၃ ထောင်ကျော် ရေလွှမ်းခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလိုမိုးများပြီး တောင်ကျချောင်းရေတိုက်စားတာကြောင့် ဗန်းမော်မြို့အထွက် စီဟဲရွာအနီးက ဗန်းမော်ကနေ မန္တလေးဘက်သွားတဲ့ လမ်းပိုင်းတချို့လည်း ပျက်စီးနေပါတယ်။

အလားတူ မန်စီမြို့နယ် ဟန်ထက်-မန်သာလမ်းပေါ်က စီကော် နဲ့ သံတံတား စတဲ့ရွာတွေဘက်မှာ လမ်းပိုင်းတချို့ ရေကျော်ပြီး စိုက်ပျိုးပြီးစ စပါးစိုက်ခင်းတချို့ ရေနစ်မြုပ်နေတာကို သွားရောက်စစ်ဆေးနေတယ်လို့ မန်စီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့က မိုးကြီးပြီး တောင်ကျချောင်းရေတိုက်စားတာကြောင့် မိုးမောက်မြို့နယ် ဝိန်းမွန်ရွာက အိုးအိမ်ဆောက်အဦး ၂၀ ကျော်ထဲကို သဲ၊ နုန်း၊ ရွှံ့နွှံတွေ ဝင်ရောက်လို့ လယ်မြေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ အပြင် နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အရင်လတွေတုန်းကလည်း မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့ မြို့နယ်တွေဘက်က နေရာတချို့မှာ ရေကြီး ရေလျှံခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ် ၅ ခု မှာ နှစ်လအတွင်း ရေကြီးတာကြောင့် လယ်ဧက ၃သိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org