နောက်ပြန်မဆုတ်တဲ့ အပြောင်းအလဲများ ဖြစ်စေဖို့ ဘန်ကီမွန်း တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။ (Photo: AFP) (Photo: AFP)

ဒ့ါအပြင် ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်း လိုက်နိုင်အောင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကတိကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှု အတွက် အခွင့်အရေးတွေ ရှိနေတယ် ဆိုပေမယ့် အားလုံး ပါဝင်ပြီး နောက်ပြန်မဆုတ်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်ဖို့ အစိုးရဘက်က ကြိုးစား ဆောင်ရွက်ပေးဖို့ အတွင်းရေးမှုးချုပ်က မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ အထွေထွေ ညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်နေတဲ့ အဝေးရောက် ညွန့်ပေါင်း အစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးမှုအပေါ် နိုင်ငံတကာက မျှော်လင့်မှု ထားရှိပေမဲ့ တချိန်ထဲမှာ တိကျတဲ့ ရလာဒ်တွေ ထွက်ရှိဖို့နဲ့ နောက်ကြောင်း ပြန်မဆုတ်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးတည်သွားဖို့ ရလာဒ်ကောင်းတွေကို မြင်ချင်တဲ့ကြောင်း ပြောသွားတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲမှု ဖြစ်နေတယ် ဆိုတဲ့အချက်ကို သူအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက သဘောတူ လက်ခံကြတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။

ဒါအပြင် နိုင်ငံရေး လှုပ်ရှားသူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး အကောင်အထည် ဖေါ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။ ညီလာခံမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက မြန်မာအစိုးရသစ် အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ ပြောသွားတဲ့ အချက်ကိုလည်း သူရဲ့ ထုတ်ပြန်ချက်မှာ ကိုးကား ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org