ဘင်္ဂလားဒေ့ရှ်မှာ ရဲတပ်ဖွဲ့နဲ့ အာဆာတိုက်ပွဲဖြစ်၊ ဒုက္ခသည်တစ်ဦးသေ ခြောက်ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်က ကော့ဘဇားခရိုင် ဘာလုခါလီ-၈ ဒုက္ခသည်စခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာ ကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတွင်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တချို့။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox's Bazar) ခရိုင်က ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နဲ့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဒုက္ခသည်တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်က ကော့ဘဇားခရိုင် ဘာလုခါလီ-၈ ဒုက္ခသည်စခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာ ကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတွင်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

အဲဒီနေ့ညနေပိုင်းမှာပဲ ကုတုပါလောင် ဒုက္ခသည်စခန်း အမှတ် ၅၊ ၆ နဲ့ ၇ မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာငါးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီငါးဦးထဲက အမှတ် (၅) စခန်းခေါင်းဆောင် Salim Mazhi ဟာ နောက်တစ်နေ့မနက်မှာ စစ်တကောင်းဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ ARSA တပ်ဖွဲ့ဝင်တွေ ခိုလှုံနေကြောင်း သတင်းရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ရိုဟင်ဂျာအရေးလှုပ်ရှားသူ ခေါင်းဆောင် မိုဟစ်အူလာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီနောက် ဒုက္ခသည်စခန်းအမှတ် ၁၈ မှာရှိတဲ့ ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဘာသာရေးဆရာသုံးဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စခန်းတိုင်းမှာ စခန်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဖိနှိပ်သတ်ဖြတ်ခံနေရတယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ နေနေကြရတယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဦးဆောင်ကြိုးပမ်းနေတဲ့ ARSPH အဖွဲ့ဝင်တွေလည်း ပစ်မှတ်ထား ခြိမ်းခြောက်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒုက္ခသည်တွေရဲ့လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့နဲ့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ပြောင်းရွှေ့ နေရာချထားပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org