ရခိုင်ပြည်နယ်ကလာတဲ့ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်က ပြန်နှင်ထုတ်
2016.11.16

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ၈ဝ ခန့်ကို သူတို့နိုင်ငံအဝင်မခံဘဲ မြန်မာနိုင်ငံဖက် ပြန်ပြီးနှင်ထုတ်လိုက်တယ်လို့ ပြောဆိုကြောင်း နောက်ဆုံးရ AFP သတင်းမှာဖေါ်ပြထားပါတယ်။ ဒေသခံမွတ်စလင်ခေါင်းဆောင်တွေကတော့ ပြန်ပြီးနှင်ထုတ်ခံရသူဦးရေဟာ ၂ဝဝ ခန့်ရှိတယ်လို့ဆိုပါတယ်။ အဲဒီဒေသကို မြန်မာအာဏာပိုင်တွေက သွားလာခွင့် ပိတ်ထားတဲ့အတွက် ပကတိ အခြေအနေကို သိဖို့နဲ့ မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။
ဒီအတောအတွင်း ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆူပူမှုတွေကို စိုးရိမ်ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် ဒေသတွင်း မတည်မငြိမ်မှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ပိုမိုများပြားလာနိုင်ကြောင်း၊ ဒေသခံအသိုင်းအဝန်းမှာ ရှိသူအားလုံးက အကြမ်းဖက်မှုကို ဆန့်ကျင်ဖို့လိုကြောင်းနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း တရားဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ကြစေလိုကြောင်း ကိုဖီ အာနန်ကပြောပါတယ်။