တိုက်ပွဲတွေရပ်အောင်လုပ်ဖို့ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်သတိပေး

ဒေသခံအရပ်သားတွေရော လက်နက်ကိုင်စစ်သားတွေပါ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဝင်ရောက်လာနေတာတွေကို တားဆီးဖို့လည်း ပြောခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကော့ဘဇားခရိုင်နယ်စပ်တစ်နေရာတွင် စောင့်ကြပ်နေကြသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့။ Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် Jashim Uddin ဟာ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးနဲ့ အောက်တိုဘာလ ၆ ရက်က တွေ့ဆုံပြီး ရိုဟင်ဂျာအရေး၊ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတိပေးခဲ့တယ်လို့ ဒါကာထရီဗြူးသတင်းကဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတာကို အထူးစိုးရိမ်တာကြောင့် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေရပ်တန့်အောင် နည်းပေါင်းစုံနဲ့လုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသခံအရပ်သားတွေရော လက်နက်ကိုင်စစ်သားတွေပါ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဝင်ရောက်လာနေတာတွေကို တားဆီးဖို့လည်း ပြောခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်သိန်းနဲ့ချီကို မြန်မာနိုင်ငံဘက် အမြန်ဆုံး ပြန်ခေါ်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဖိအားပေးခဲ့ပါတယ်။

မြန်မာသံအမတ်ကတော့ ရခိုင်ပြည်နယ်ထဲ အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ဖို့ ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သတင်းမှာဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org