တရားမဝင် မြန်မာနိုင်ငံသားတွေ ကိုပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားဝင် အထောက်အထားမရှိဘဲ နေထိုင်နေကြတဲ့မြန်မာနိုင်ငံ သားတွေကို နေရပ်ပြန်ပို့ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ် အစိုးရက တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။
-
2013-09-09 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားဝင် အထောက်အထားမရှိဘဲ နေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ် အစိုးရက တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။
အစီရင်ခံစာအရ တရားမဝင် မြန်မာနိုင်ငံသားတွေကို မည်သူမည်ဝါ စိစစ်၊ နေရာချပြီး မူလနိုင်ငံပြန်ပို့ဖို့ စီစဉ်ထားတာပါ။
အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးကော်မတီနဲ့ အမျိုးသားအလုပ်အဖွဲ့ဆိုတဲ့ အဖွဲ့အစည်းနှစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေတားဆီးဖို့ နှစ်နိုင်ငံအစိုးရတွေ လောလောဆယ်ဆွေးနွေးနေကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်အခြေစိုက်စခန်းတွေ၊ ကင်းမျှော်စင်တွေတည်ဆောက်ပြီး မြန်မာနဲ့ နယ်စပ်လုံခြုံရေးကို အားဖြည့်သွားမှာဖြစ်ကြောင်းလည်းပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ တရားမဝင်ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား သုံးသိန်းနဲ့ ငါးသိန်းကြားရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ခန့်မှန်းထားပြီး၊ ကောက်စစ်ဘဇားက ဒုက္ခသည်စခန်းနှစ်ခုမှာလည်း ရိုဟင်ဂျာ သုံးသောင်းလောက်ရှိနေပါတယ်။ ရိုဟင်ဂျာတွေပြန်ပို့ရေးကိုလည်း နည်းလမ်းရှာနေတယ်လို့ ဆိုပါတယ်။
ဒီအတွင်း ပြီးခဲ့တဲ့ သောကြာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေထိုင်နေတဲ့ မြန်မာမိသားစုတစ်စုဟာ UNHCR အကူအညီနဲ့ မြန်မာနိုင်ငံကို လေကြောင်းကနေ တရားဝင်ပြန်ခွင့်ရခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ တရားဝင်ပြန်ခွင့်ရခဲ့ကြတဲ့ ပထမဆုံး မြန်မာမိသားစုဖြစ်တယ်လို့ UNHCR က ပြောပါတယ်။