ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေကို ARSA စစ်သွေးကြွတွေက တနင်္လာနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခရစ်ယာန် ၁၂ ဦးကို ARSA စစ်သွေးကြွတွေက တနင်္လာနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းက  ရိုဟင်ဂျာခရစ်ယာန် ၁၂ ဦးကို ARSA စစ်သွေးကြွတွေက ဒေသစံတော်ချိန် တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်မှာ လာရောက် တိုက်ခိုက်တဲ့အတွက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဆေးရုံတစ်ရုံမှာ ဆေးဝါးကုသနေရတယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အခြေစိုက် ရိုဟင်ဂျာခရစ်ယာန်အသင်းက RFA ကို မနေ့က အီးမေးလ်ပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ အကြောင်းကြားတဲ့ အီးမေးလ်နဲ့အတူ တယ်လီဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် နှစ်ခုကိုလည်း ပေးပို့ခဲ့ပါတယ်။

RFA ရဲ့ မိတ်ဘက်သတင်းဌာနဖြစ်တဲ့ Benar သတင်းဌာနရဲ့ စုံစမ်းချက်အရ ARSA အဖွဲ့က လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ကုတုပါလောင်စခန်းမှာ နေထိုင်တဲ့ ခရစ်ယာန်ရိုဟင်ဂျာ ဆိုက်ဖူးက ပြောပါတယ်။

“တနင်္လာနေ့ အစောကြီး ARSA က လာတိုက်ခိုက်တာပါ။ ကျနော်တို့ အိမ်တွေကိုဖျက်တယ်။ ခရစ်ယာန်တွေကို တိုက်ခိုက်တယ်။ အနည်းဆုံး ခရစ်ယာန်ဘာသာဝင် ၁၂ ဦးဟာ ဆေးရုံဆေးခန်းတွေမှာ ကုသနေရပါတယ်” လို့ Benar သတင်းဌာနကို သူက တယ်လီဖုန်းနဲ့ ပြောပါတယ်။

သူတို့ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့အတွက် အခုလို တိုက်ခိုက်ခံရတာပါလို့လည်း ဆိုက်ဖူးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၁ဝ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေကလည်း ဒီ ARSA တွေကပဲ လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်လို့လည်း သူက ပြောပါတယ်။

ကောက်ဘဇားခရိုင် လက်အောက်ခံ ယူခီးယားမြို့နယ်က ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီတိုက်ခိုက်မှုမှာ ARSA အဖွဲ့ မပါဝင်ဘူးလို့ ငြင်းဆိုပါတယ်။

"ARSA တွေက တိုက်ခိုက်တယ်ဆိုတာ မမှန်ပါဘူး။ ဒါဟာ သာမန် ဥပဒေချိုးဖောက်ပြီး တိုက်ခိုက်တဲ့ ကိစ္စပါ" လို့ ဖြေပါတယ်။ ခရစ်ယာန်ရိုဟင်ဂျာတစ်ဦးက မွတ်ဆလင်ရိုဟင်ဂျာတစ်ဦးကို ထိုးနှက်လို့  အပြန်အလှန်ရိုက်နှက်မှု ဖြစ်တာလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ARSA စစ်သွေးကြွအဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတဲ့အချက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တရားဝင် ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင် သတင်းရင်းမြစ်တွေထံက ရရှိတဲ့ သတင်းအချက်အလက်တွေအရ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ARSA အဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိခဲ့တာ ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဟိန္ဒူဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့က စုံစမ်းစ စ်ဆေးသွားမယ်လို့ သိရပါတယ်။ ARSA အဖွဲ့ဝင်တွေဟာ ဒီစခန်းက ဟိန္ဒူဘာသာဝင်တွေကိုလည်း အလားတူ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ အဖွဲ့က ဆိုပါတယ်။

တနင်္လာနေ့က ဖြစ်ရပ်အပြီးမှာ ယူခီယား ဒုက္ခသည်စခန်းက ရိုဟင်ဂျာဟိန္ဒူမိသားစု ၄၄၄ စုနဲ့ ခရစ်ယာန်ဘာသာဝင် မိသားစု ၂၅ စုကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လုံခြုံရေး စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org