ရိုဟင်ဂျာအရေး အိန္ဒိယနဲ့ တရုတ် ပါဝင်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

ရိုဟင်ဂျာအရေး အိန္ဒိယနဲ့ တရုတ် ပါဝင်မှုနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က မေ ၁၉ ရက်မှာ ပြောကြားကြောင်း အိန္ဒိယအစိုးရပိုင် သတင်းဌာနဖြစ်တဲ့ DD News က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သည့် ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမြင်ကွင်း။ ddnews

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးပြဿနာကို အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပါဝင်မှုနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က မေလ ၁၉ ရက်နေ့မှာ ပြောကြားကြောင်း အိန္ဒိယအစိုးရပိုင် သတင်းဌာနဖြစ်တဲ့ DD News က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာမှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲတစ်ခုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ အရေးပါပြီး သူတို့ရဲ့ ပါဝင်မှုက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu ရဲ့ လတ်တလော အလည်အပတ်ခရီးစဉ်အတွင်း ရိုဟင်ဂျာပြသာနာကို ဖြေရှင်းဖို့ အကြံဉာဏ်တချို့ပေးခဲ့ပေမဲ့ အခုချိန်မှာ ထုတ်ဖော်မပြောလိုကြောင်း ဟာဆန်မာမတ်က ပြောကြားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

နိုင်ငံတကာရဲ့ဖိအားတွေကို လျှော့ချဖို့အတွက် မြန်မာအာဏာပိုင်တွေကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို စတင်ဖို့ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း နိုင်ငံသားတွေပြန်ခေါ်ယူရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့အတွက် သံတမန်နည်းအရ ဆောင်ရွက်နေတယ်လို့ ဟာဆန်မာမတ်က ပြောကြားကြောင်း DD News က ဖော်ပြပါတယ်။

မေလ ၁၃ ရက်နေ့ကလည်း မြန်မာပြည်တွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေကို အကြောင်းပြပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး အချိန်ဆွဲ နှောင့်နှေးနေလို့ မဖြစ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က ပြောကြားကြောင်း ဒါကာထရီဗျူး (Dhaka Tribune) သတင်းမှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org