မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အိန္ဒိယကူညီမှုလိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ မူလနေရပ်ကို အဆောတလျင် ပြန်နိုင်ကြဖို့အတွက် အိန္ဒိယရဲ့ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး အဘူ မိုမင် က ပြောပါတယ်။
-
2019-02-07 -
-
-
ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ မူလနေရပ်ကို အဆောတလျင် ပြန်နိုင်ကြဖို့ အတွက် အိန္ဒိယရဲ့ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူ မိုမင် က ပြောပါတယ်။
အိန္ဒိယနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့တဲ့ မိုမင် က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ မနေ့က တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမင် ဟာ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကို စောနိုင်သမျှစောစောပြန်ပို့ရေးဟာ ဦးစားပေးကိစ္စတရပ်ဖြစ်ပြီး၊ ဒီအတွက် အိန္ဒိယအစိုးရကို လိုအပ်သမျှ ကူညီပေးသွားမှာဖြစ်ကြောင်းလည်း မန်မိုဟန် ဆင်း က ပြောပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကိုရောက်ရှိနေတဲ့ ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်၊ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာဌာန အထူးကိုယ်စားလှယ် အန်ဂျလီနာ ဂျိုလီ ရဲ့ခရီးစဉ် မနေ့က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ဆက်လက် အကူအညီပေးကြဖို့ ဂျိုလီ က နိုင်ငံတကာကို တိုက်တွန်းလိုက်ပြီး၊ မြန်မာအစိုးရ ကိုလည်း ဒုက္ခသည်တွေ နေရပ်စွန့်ခွာရတာ၊ နိုင်ငံမဲ့ ဖြစ်ရတာတွေ အဆုံးသတ်ရေးအတွက် လိုအပ်သ မျှတွေဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။