မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေး ဘဏ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်တွေကို လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က မနေ့ည ၁၀ နာရီလောက်က လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
-
2017-04-12 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်တွေ ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က မနေ့ည ၁၀ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး ဦးဇော်မင်းက ပြောပါတယ်။
"အဲဒီအဖွဲ့တွေထဲက ဘယ်အဖွဲ့ဖြစ်မလဲ။ TNLA ပဲဖြစ်မလား။ KIA ပဲလားတော့ မပြောတတ်ဘူး။ ခန့်မှန်းရတာ ကတော့ ဟိုးတလောတုန်းက သူတို့က ဆက်ကြေးတွေ ဘာတွေကောက်တာရှိတယ်လေ။ ဘဏ်တွေကို၊ လုပ် ငန်းရှင်တွေကို။ အဲဒီမှာ ဒီဟာတွေက မပေးလို့ ဆိုပြီးတော့မှ ဒီအချိန်မှာ အခွင့်သင့်လို့။ ဒါမြို့ကို ခြောက်လှန့်တာ လည်းဖြစ်နိုင်ပါတယ်။"
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော် ကတော့ သူတို့အဖွဲ့ ပစ်ခတ်တာမဟုတ်ကြောင်း ငြင်းဆိုပါတယ်။
"ကျနော်တို့ အဖွဲ့ကတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမြောက်ပိုင်းမှာ ဖြစ်လာလို့ရှိရင်တော့ ဒီအစိုးရဘက်ရော၊ မြန်မာ့တပ်မတော်ဘက်ကရော သူတို့က ရေးနေကျ။ တစ်ခါတလေ သူတို့ လုပ်ကြံတာလည်း သူတို့က ကျနော်တို့ အဖွဲ့လို့ စွပ်စွဲနေတယ်။ မူဆယ်ဆိုတာက ဘယ်အဖွဲ့လို့ ခန့်မှန်းရခက်တယ်။ အဲဒီဘက်မှာ မြန်မာ့တပ်မတော် လည်း ရှိတယ်။ လက်နက်ကိုင်ပေါင်းစုံရှိတယ်။ ပြည်သူ့စစ်တွေလည်း ရှိတယ်။"
မနေ့က ပစ်ခတ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဟာ တပ်မတော်ပိုင် မြဝတီဘဏ်ကို ပခုံးထမ်းလောင်ချာ RPG နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကိုတော့ ၄၀ မမ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
မြဝတီဘဏ်ကို ပစ်ခတ်ခဲ့တဲ့ ပခုံးထမ်းလောင်ချာရဲ့ ကျည်ဆံဟာ မပေါက်ကွဲခဲ့တာကြောင့် အပျက်အစီး နည်းပါးခဲ့ တယ်လို့ ဦးဇော်မင်းက ပြောပါတယ်။
မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမရှိပေမယ့် ဘဏ်အဆောက်အအုံတွေတော့ အနည်းငယ် ပျက်စီးသွားတယ်လို့ မူဆယ်ရဲစခန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မူဆယ်မြို့ပေါ်မှာ အခြေအနေတည်ငြိမ်နေပြီး ရဲတပ်ဖွဲ့က လုံခြုံရေးအတွက် လှည့်ကင်းတွေ လှည့်လည်နေတယ်လို့ သိရပါတယ်။