ကပ်ရောဂါကိုရင်ဆိုင်ရတဲ့ ဆေးရုံတွေမှာ အခြေခံ လိုအပ်ချက်တွေ ရှိနေ

ဗဟိုချုပ်ကိုင်မှုစနစ်၊ ကုသရေးပစ္စည်းနဲ့ဝန်ထမ်း မလုံလောက်မှုတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသရေး နှောင့်နှေးရတယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပြည်ဆေးရုံက မေ့ဆေးဆရာဝန်‌ကြီး ဒေါ်မြင့်မြင့်စိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်။

ပြည်ဆေးရုံက မေ့ဆေးဆရာဝန်‌ကြီး ဒေါ်မြင့်မြင့်စိန်ကို တွေ့ရစဉ် Photo: Daw Aung San Su Kyi's facebook

ဗဟိုချုပ်ကိုင်မှုစနစ်၊ ကုသရေးပစ္စည်းနဲ့ဝန်ထမ်း မလုံလောက်မှုတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသရေး နှောင့်နှေးရတယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပြည်ဆေးရုံက မေ့ဆေးဆရာဝန်‌ကြီး ဒေါ်မြင့်မြင့်စိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေကို ထားရှိတဲ့ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ စက်ပစ္စည်း၊ နေရာထိုင်ခင်း၊ အသုံးအဆောင်နဲ့ ဝန်ထမ်းအင်အား ပြည့်ပြည့်စုံစုံ မရှိခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ အခက်ခဲတွေ အများကြီးရှိနေတယ်လို့ ပဲခူးတိုင်း ပြည်ကုတင် ၅၀၀ ဆေးရုံက မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်နိုင်တီး အတည်ပြုလူနာတွေ ဖြစ်တဲ့ ပြည်ဆေးရုံက လူနာနံပါတ် ၃၀ မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ကိုတောင်စွမ်းခိုင်၊ မန္တလေးမြို့က လူနာနံပါတ် ၄ ကိုကျော်လင်းထက်တို့ ဒီနေ့ အွန်လိုင်းကနေ အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ ပြောဆိုလိုက်တာပါ။

ဒေါက်တာ မြင့်မြင့်စိန်က ပြည်ဆေးရုံမှာ မေ့ဆေးဆရာဝန်အနေနဲ့  သူနဲ့ သူ့လက်ထောက် သာရှိနေတဲ့အကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ဖို့ ဖေဖော်ဝါရီလလောက် ကတည်းကစပြီး  ပြည်ဆေးရုံမှာ ပြင်ဆင်ထားခဲ့ပေမယ့် လူနာနံပါတ် ၁၇ ကို ထားမယ့် အစီအစဉ်တွေကို အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက အချိန်မီ ပြင်ဆင်ဖို့ အားနည်းခဲ့တယ်လို့   ပြောပါတယ်။

ပြည်ဆေးရုံမှာ အတည်ပြုလူနာ ရောက်နေပြီး ရောဂါပြင်းထန်နေချိန်မှာတောင် ကုသရေးအတွက် ဆွေးနွေးဆောင်ရွက်တာတွေ အပြီးမသတ်နိုင်ခဲ့ဘူး၊ ဗဟိုကချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကလည်း မရှင်းလင်းခဲ့ဘူးလို့ ဒေါက်တာ မြင့်မြင့်စိန်က ပြောပါတယ်။

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနံပါတ် ၁၇ ရောဂါ ပြင်းထန်နေတဲ့အချိန်မှာ ကုသနေရင်း လိုအပ်တဲ့ စက်ပစ္စည်းတွေ မရှိတဲ့အတွက် သူ့ကိုပါ ကူးစက် ခံလိုက်ရတယ်လို့လည်း ပြောပါတယ်။

ပြည်ဆေးရုံမှာ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) ဝန်ထမ်းမရှိသလို ရောဂါမကူးစက်အောင် ကာကွယ်ရတဲ့ PPE ဝတ်စုံ နဲ့ နှာခေါင်းစည်းတွေ မလုံလောက်တဲ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးထားတာ မရှိခဲ့ဘူးလို့လည်း သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်နဲ့ ဆွေးနွေးရာမှာ ပြောလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ သူ့လိုဖြစ်ရပ်မျိုး မကြုံတွေ့အောင် ဆေးရုံတိုင်းမှာ ကုသရေးဆိုင်ရာပစ္စည်းတွေ ပြည့်ပြည့်စုံစုံထားပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကလည်း လိုအပ်ချက်တွေ အများကြီးရှိနေတာ မှန်ပေမယ့် လတ်တလောမှာ ပြည်သူ့ကျန်းမာရေးကို ဦးစားပေး လုပ်ပေးနေတဲ့အကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကလည်း ချက်ချင်းလက်ငင်း ဖြစ်လာတဲ့ ရောဂါဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရှိတဲ့အရင်းအမြစ်နဲ့ ကြိုးစားနေကြတဲ့အကြောင်း ပြောပါတယ်။

မန္တလေးမြို့က လူနာနံပါတ် ၄ ကိုကျော်လင်းထက်က ကန်တော်နဒီဆေးရုံမှာ ရှိနေတဲ့ကာလမှာ အိမ်သာပျက်တာ၊ ရေချိုးခန်း ရေမလာတာ၊ ထမင်းစားချိန် နောက်ကျတာတွေ ရှိခဲ့တယ်လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရောဂါကူးစက်ခံထားရသူ အနေနဲ့ အဟာရပြည့်ပြည်ဝဝ စားသောက်နိုင်ဖို့၊ အချိန်မှန် စားသောက်ရဖို့ဟာ အရေးကြီးတဲ့ကိစ္စဖြစ်ပြီး ရေမလာတဲ့ကိစ္စတွေကလည်း ဆေးရုံ သန့်ရှင်းရေးအတွက် အရေးကြီးတာကြောင့် ချက်ချင်းမေးမြန်းပြီး ပြင်ဆင်ပေးသွားမယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ကိုရိုနာကူးစက်ခံရသူတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးကြတယ်လို့လည်း ဒီနေ့ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့အခုချိန်မှာ ပြင်ပက ဆရာဝန်တွေအနေနဲ့ နိုင်ငံအတွက် အလုပ် လုပ်ပေးဖို့၊ နိုင်ငံတော်က သင်ပေးတဲ့ပညာတွေကို နိုင်ငံအတွက် အနည်းအကျဉ်း ပြန်သုံးစေချင်တဲ့အကြောင်း၊ ကိုရိုနာကူးစက်ခံရသူတွေ အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိနိုင်တဲ့အတွက် ကိုယ့်စိတ်ကိုယ်ကို ပြန်ထူထောင်နိုင်အောင် ကြိုးစားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကနေ ဧပြီ ၂၈ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ၁၄၆ ယောက်ရှိပြီး ပြန်သက်သာသူ ၁၆ ယောက်ရှိပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရသူ ကိုးယောက်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org