လောက်ကိုင်မှာ အပစ်အခတ် ရှိနေဆဲ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုးကန့်ဒေသ မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရပ်တန့်သွားပြီ ဆိုပေမဲ့ လောက်ကိုင်မြို့တွင်းမှာ ပစ်ခတ် မှုတွေနေစဉ်ရှိနေပြီး ကိုးကန့်တပ်တွေလည်း ရှိနေဆဲဖြစ် တယ်လို့ လောက်ကိုင်မြို့က တိမ်းရှောင်လာသူတစ်ဦး က ပြောပါတယ်။

လောက်ကိုင်ဒေသ စစ်ပွဲတွေကြောင့် နေရပ်ပြန်လာသည့် သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မန္တလေးမြို့ မှာ တွေ့ရစဉ် Photo: Nay Thwae/RFA

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာဖြစ်ပွား ခဲ့တဲ့ စစ်ပွဲတွေရပ်တန့်သွားပြီဆိုပေမဲ့ လောက်ကိုင် မြို့တွင်းမှာ ပစ်ခတ်မှုတွေနေစဉ်ရှိနေပြီး ကိုးကန့် တပ်တွေလည်း ရှိနေဆဲဖြစ်တယ်လို့ လောက်ကိုင်မြို့က တိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေဟာ တိုက်အပေါ်ထပ်တွေ မှာ နေရာယူထားပြီး ပစ်ခတ်နေတယ်လို့  မနေ့က လောက်ကိုင်မြို့ကနေ မိသားစုနဲ့အတူ တိမ်းရှောင်လာသူ ဦးမောင်စိန် က ပြောပါတယ်။

"တိုက်တွေပေါ်ကပစ်တယ်ဗျာ၊ သူတို့ကနေရာအနှံ့ မှာ ဖြန့်ချထားတဲ့သဘောရှိတယ်ဗျ၊ သူတို့က ၆ နာရီပစ်မယ်ဆိုလို့ရှိရင် တမြို့လုံးပစ်တာကိုး၊ ၆ နာရီတောင်မထိုးသေးဘူး တခါတည်းချတော့တာ ပဲ၊ နေရာအနှံ့မှာရှိတယ်လေ၊ တိုက်တွေအပေါ် ပစ်ခတ်တဲ့အခါကျတော့ ရှိသမျှလူတွေအကုန်လုံး ဖယ်ခိုင်းထားပြီးတော့ ဒီတိုက်တွေကိုလည်း မြို့လူတွေဆင်းခိုင်းပြီးတော့ တိုက်တွေကိုပစ်ခွဲမယ် ဆိုတော့ မြို့ကလည်းလူမရှိသလောက်ဖြစ်သွားတယ်"

အခုလို အပစ်အခတ်တွေရှိနေတာကြောင့် မြို့တွင်းမှာ နေရာယူထားတဲ့ အစိုးရတပ်တွေက တချို့တိုက်တွေ မှာ နေထိုင်နေသူတွေကို တိုက်ခန်းတွေကနေ ဖယ်ရှားခိုင်းနေတယ်လို့ ဆိုပါတယ်။ လက်ရှိအနေနဲ့ တမြို့လုံးမှာ လူရာဂဏန်းလောက်ပဲ ကျန်တယ်လို့သိရပါတယ်။ လောက်ကိုင်မြို့ကနေ တရုတ်ပြည်ဘက်ကိုထွက်ခွာသူတွေ ပိုမိုများပြားပြီး လာရှိုးကို ရောက်လာကြသူတွေလည်းရှိပါတယ်။ လားရှိုးက လူမူရေးအဖွဲ့တွေက ကားတွေနဲ့ သွားရောက်ခေါ်ယူတာတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကထွက်ပြေးလာကြတဲ့ အလုပ်သမား ၆၀၀ ကျော်လောက်ဟာ မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

အဲဒီ့အလုပ်သမားတွေဟာ အညာဒေသဘက်တွေကနေ လောက်ကိုင်မှာ ကျပန်းသွားရောက် အလုပ်လုပ်ကိုင် သူတွေဖြစ်တယ်လို့ အကူအညီပေးနေတဲ့ မန္တလေးမြို့ ဗြဟ္မစိုရ် လူမှုရေးအသင်း အလုပ်အမှုဆောင် ကိုထိပ်တင်မျိုးဝင်းက ပြောပါတယ်။

"လောက်ကိုင်ထဲမှာသွားပြီးတော့ မြေပြန့်ဒေသ အညာဒေသ ဧရာဝတီတိုင်းကနေ သွားအလုပ်လုပ်တဲ့သူတွေ ၊ ယောကျ်ားကလေးများတယ်ဗျ၊ ကလေးသူငယ်တွေ၊ ရင်ခွင်ပိုက်တွေ နို့တိုက်ကလေးငယ်တွေကအစပါတယ်၊ မိသားစုအလိုက်ပြန်ဆင်းလာတာဗျ၊ တချို့က ဆွဲမိဆွဲရာလေးတွေဆွဲလာလို့ အထုပ်တွေပါတယ်၊ တချို့က ဝတ်စရာအဝတ်မပါလို့ ထောက်ပံ့ပေးရတာတွေရှိတယ်၊ သူတို့ပုံသဏ္ဍန်တွေကတော့ တက်ကြွမှုမရှိဘူးပေါ့ဗျာ၊ စစ်ပွဲတွေကြောင့် ထိပ်လန့်နေတဲ့ပုံတွေ မြင်နေရတယ်ဗျ"

အဲဒီစစ်ဘေးဒုက္ခသည်တွေက လားရှိုးမြို့ကနေတဆင့် မန္တလေးမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ဒီနေ့ညမှာ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ကြမှာဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကိုးကန့်တပ်တွေရဲ့တိုက်ပွဲတွေကြောင့် လောက်ကိုင်၊ ညံခွမ်း၊ ချင်းရွှေဟော်၊ တာရွှေထန်၊ ကုန်းကြမ်းကနေ ပြန်လည်ထွက်ပြေးလာသူတွေဟာ နတ်မောက်၊ မကွေး ၊ ရွှေဘို၊ ကျိုက်လတ် ၊ ဖျာပုံ ၊ ဒေးဒရဲ မြို့တွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး လောက်ကိုင်ကနေ လားရှိုးမြို့ကို စစ်ဘေးရှောင်ထွက်ခွာလာသူ ဦးမောင်စိန်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org