ကယားမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသဘက် မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-16
-
-
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီမှာ မနက်စောစောစီးစီး လက်နက်ကြီးတွေပစ်နေလို့ အဆင်မပြေဘူး။ ပြေးနေကြရတယ်" လို့ လွိုင်လင်လေးဘက်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ကတည်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနား ကျေးရွာတွေမှာ နေထိုင်တဲ့ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်အရှေ့ဘက်ခြမ်း ကွန်နားကျေးရွာ တစ်ဝိုက်မှာ KA နဲ့ KNDF ပူးပေါင်းတပ်တို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်မှာလည်း ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် အုပ်စု ဝမ်းလထွားကျေးရွာမှာလည်း တိုက်ပွဲစဖြစ်ခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"မနက် ၁၀ နာရီလောက်က စပစ်တယ်။ အပြန်အလှန်ပစ်ခတ်တာက ပစ်ချိန်က မိနစ် ၂၀ လောက်ရှိမယ်။ သူတို့ သူ့ဟာသူပစ်တာကတော့ နာရီဝက်လောက်ရှိမယ်" လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာဟာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီနဲ့ KA၊ KNDF တို့ ထိတွေ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး ဒေသခံတွေကလည်း အဲဒီအချိန်ကတည်းက ထွက်ပြေး တိမ်းရှောင် နေကြရတာပါ။
ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်ဖက် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
ကယားပြည်နယ်အတွင်းမှာတော့ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်လင်လေးဒေသတွေမှာ တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိရှိခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။