မိုးဗြဲမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဆက်ဖြစ်နေ

မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ PDF တို့ ဒီနေ့ နေ့လယ်က တိုက်ပွဲဖြစ်နေတယ်လို့ MB-PDF က ပြောပါတယ်။

၂၀၂၂၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီက မိုးဗြဲမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စည်ကား (၁) ရပ်ကွက်က နေအိမ်တစ်လုံး မီးလောင်နေတာကို တွေ့ရစဉ် Photo: Mobye Rescue Team

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MB-PDF) တို့ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ နေ့လယ်က တိုက်ပွဲ ဖြစ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MB-PDF) က ပြောပါတယ်။

လွိုင်ကော်ကနေ စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ လောက်နဲ့ တင့်ကားတွေပါ မနေ့ကတည်းက မိုးဗြဲမြို့ကို ရောက်လာပြီးနောက် ဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့တာလို့ MB-PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ထိတွေ့မှုတွေ ရှိနေတယ်။ အဆက်မပြတ်ပါပဲ။ မိုးဗြဲမြို့ပေါ်မှာပဲ။ သူတို့ မနေ့ကနေ လာပြီး ဒီကို ဦးတည်လာတယ်။ မနေ့ညနေပိုင်းမှာ မြို့ထဲဝင်တယ်။ သေနတ်တွေ ဖောက်တယ်။ ဘုန်ကြီးကျောင်းမှာ ထမင်း တောင်းစားတာ ရှိတယ်။ မြို့ပတ်ပတ်လည် မှာ စခန်းတွေ ချတယ်။ ကင်းတွေချတယ်။ ပြီးတော့ ဒီမနက်မှာပဲ စထိတွေ့မှု ရှိတာပါ"

မိုးဗြဲ PDF တပ်ဖွဲ့က မိမိလုံခြုံရေးကို ဦးစားပေးအဆင့်မှာထားပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက် ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ဆိုပါတယ်။

မိုးဗြဲမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေလည်း နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြရသလို အိမ်ထဲမှာ ဆက်လက်ပုန်းနေကြရတဲ့သူတွေလည်း ရှိနေတယ်လို့ မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၇ ရက်ကလည်း မိုးဗြဲအခြေစိုက် ခမရ - ၄၂၂ တပ်ရင်းအနီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ (MB-PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org