နန့်ယားတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ဒေသခံနေအိမ် သုံးဆယ်ကျော် ပျက်စီးခဲ့

ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်သုံးဆယ်ကျော် ပျက်စီးသွားပါတယ်။

နန့်ယားတိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့သည့် နန့်ယားကျေးရွာရှိ နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်သုံးဆယ်ကျော် ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့မနက်အထိ နှစ်ရက်ကျော် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်အများစုဟာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမိုးအကာတွေ မီးလောင်ကုန်တာလို့ အမည်မဖော်လိုတဲ့ နန့်ယားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ နှစ်ဖက်က အပြန်အလှန် ပစ်ခတ်တယ်လေ၊ အဲဒါကြောင့် လက်နက်တွေ အိမ်တွေပေါ် ကျတာ ဟုတ်တယ်။ သုံးဆယ်ကျော် ပျက်စီးတယ်။ တိုက်ပွဲက ဧပြီ ၉ ကနေ ၁၁ မနက်ပိုင်းအထိပဲ။ ၁၂ ရက်နေ့မှာ ရွာကို ဒေသခံတွေ ပြန်ဝင်ကြရတာ။ အဲဒီကျမှ ပျက်စီးတာသိတယ်”

လက်ရှိမှာတော့ တိုက်ပွဲမရှိတော့တာကြောင့် ဒေသခံတွေ ရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် အထုပ်အပိုးတွေ ပြင်ဆင်ထားပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နန်းယားကျေးရွာဟာ မြစ်ကြီးနား - ဖားကန့် လမ်းမပေါ်မှာရှိပြီး နေအိမ် နှစ်ရာကျော်နဲ့ လူဦးရေ ခြောက်ရာကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org