လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြန်ဖြစ်

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးမှာ ဖေဖော်ဝါရီ ၁၆ ရက်က KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

KNU တပ်ဖွဲ့ဝင်အချို့ကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ကရင်ပြည်နယ်အတွင်းမှာ တွေ့ရစဉ် Photo: PORNCHAI KITTIWONGSAKUL / AFP

ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ မနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် မြို့သစ်အနီးမှာ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီဝန်းကျင်ကစလို့ လေးကေ့ကော်မြို့သစ်၊ ဖလူးကြီးရွာ၊ ဘုရားကုန်းအနီး မှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဒီမနက်ပိုင်းက RFA ကို ပြောပါတယ်။

"လေကြောင်း တိုက်ခိုက်တာတော့ မရှိသေးပါဘူး။ လက်နက်ကြီးတွေ ဘာတွေနဲ့ ပစ်တာတော့ တဒိန်းဒိန်းနဲ့ ကြားနေရတာပဲ။ ကြားထဲမှာ ကြိုကြားကြိုကြားတော့ မကြာခဏတော့ ထိတွေ့မှု ရှိနေတာပါပဲ"

နှစ်ဖက်စလုံးရဲ့ သေဆုံးထိခိုက် အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနေ့ကလည်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား ဖလူးကြီးနဲ့ ဖလူးလေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

လေးကေ့ကော်မြို့သစ်အနီး အခုလို တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်မှာ ခိုလှုံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လွှတ်တော်အမတ်အချို့ အပါအဝင် CDM ဝန်ထမ်းတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးရာကနေ KNU လက်အောက်ခံ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ သုံးသောင်းနီးပါး သောင်ရင်းမြစ်ဘေးမှာ ခိုလှုံ နေကြရပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ခြောက်ထောင်ခန့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် မြန်မာဘက်က စစ်ဘေးဒုက္ခသည်တွေ ဟာ နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ပြီး ပြန်ကူးလာလိုက်၊ ဒီဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ရင် ထိုင်းဘက်ခြမ်းကို ပြန်ကူးလိုက်နဲ့ အိုးအိမ်အတည်တကျ မရှိဘဲ မြစ်ကမ်းတစ်လျှောက်မှာ ဖြစ်သလို ခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org