ကျောက်မဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း နေ့စဉ်တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်ကြားက နောင်အန်၊ ကျင်သီ စတဲ့ ရွာတွေအနားတစ်ဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ RCSS နဲ့ SSPP တိုက်ပွဲကြောင့် ဘော်ကြိုကျောင်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်ကြားက နောင်အန်၊ ကျင်သီ စတဲ့ ရွာတွေ အနားတစ်ဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်နေပြီလို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတွေဟာ မန္တလေး - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးနဲ့ နီးတာကြောင့် တိုက်ပွဲ ပြင်းထန်ချိန်မှာ ခရီးသွားကားတွေစောင့်ဆိုင်းနေရသလို ညပိုင်းခရီးသည်ကားတွေ မဖြတ်ကြဖို့လည်း ဒေသခံတွေအချင်းချင်း သတိပေးနေရတယ်လို့ သီပေါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကျင်သီ၊ နောင်အန်စတဲ့ရွာတွေကနေ ထွက်ပြေးလာရသူ ၃၀၀ ဝန်းကျင်ဟာ သီပေါ ဘော်ကြိုဘုရားကြီးကျောင်းတိုက်မှာ ရောက်ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS နဲ့ SSPP/TNLA တပ်ဖွဲ့ ပြောခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အလားတူ ရှမ်းပြည် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ် နောင်စံဖူးအုပ်စု လွိုင်ခွမ်ရွာအနားမှာလည်း အခုလ ၁၂ ရက် နေ့အထိဖြစ်ပွားခဲ့တဲ့ RCSS နဲ့ SSPP တိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးနေကြရပြီး လက်ရှိ မိုင်းကိုင်မြို့နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် အထိရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org