စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခအတွင်း ပစ်ခတ်မှု မွတ်စလင်တစ်ဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်း မှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့်   မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။

ဒဏ်ရာရရှိတဲ့ မွတ်စလင်အမျိုးသား ၄ ဦးကို အာဏာပိုင်တွေက အနီးမှာရှိတဲ့ ဓားပိုင်ဆေးရုံကို ဆေးကုသဖို့ သယ်ယူလာစဉ် သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။

၆ နာရီကျော် ၇ နာရီလောက်မှာ ဖြစ်တဲ့ဟာမှာတော့ နောက်ထပ် ၄ ယောက် ဒဏ်ရာရတာပေါ့၊ အဲဒီအထဲမှာ ၁ ဦး ဆုံးသွားတယ်ပြောတယ်၊ အခုဟာက သူတို့ကိုပြဿနာရှာတာလည်း မဟုတ်ဘူး၊ အပြစ်ရှာတာလည်း မဟုတ်ဘူး၊ သေဆုံးတဲ့လူကိုသွားစစ်တယ်၊ စစ်တဲ့ဟာကို သူတို့ကလူကိုရန်ရှာတယ်ဆိုတော့လည်း သိပ်တော့မကောင်းဘူးပေါ့”

မနေ့ညနေပိုင်းက ဘောဒူဘ ဒုက္ခသည်စခန်းမှာ ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်းဆိုပါတယ်။

မနေ့မနက်ပိုင်းကလည်း အုန်းတောကြီးချောင်းဝမှာ ရေနစ်သေဆုံးသူလို့ ယူဆရသူ မွတ်စလင်တစ်ဦးကို အကြောင်းပြုပြီး မွတ်စလင် ဒုက္ခသည်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ မွတ်စလင်ဒုက္ခသည် စုစုပေါင်း ၇ ဦး သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီသေနတ်ဒဏ်ရာ ရရှိသွားတဲ့သူတွေကို ဓားပိုင်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး ဘောဒူဘ ဒုက္ခသည်စခန်းမှာ စစ်တပ်လုံခြုံရေး အင်အားကိုလည်း တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org