ဘောလခဲမြို့နယ်က စစ်ကောင်စီစခန်းကုန်းကို သိမ်းယူခဲ့ကြောင်း KPLA ထုတ်ပြန်

ကယားပြည်နယ် ဘောလခဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် စခန်းကုန်းကို လက်နက်ကိုင်အင်အားစုတွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်လိုက်ပါတယ်။

ကယားပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့တွင်ရှိသည့် စစ်ကောင်စီ၏ ၁၂ မိုင် စခန်းကုန်းရှေ့တွင် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တွေ့ရစဉ်။ KPLA

ကရင်နီပြည် (ကယားပြည်နယ်) ဘောလခဲမြို့နယ် ရွာသစ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် စခန်းကုန်းကို လက်နက်ကိုင်အင်အားစုတွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

KPLA အဖွဲ့နဲ့အတူ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့ စတဲ့အဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်ကောင်စီဘက်က တပ်သားတစ်ဦးဖမ်းဆီးရမိခဲ့ပြီး တချို့ထွက်ပြေးသွားကြတယ်လို့လည်း ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာလည်း စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာခဲ့တဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံမြို့နဲ့ မယ်စဲ့မြို့တို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

ရှားတောမြို့နယ်မှာလည်း မြို့လယ်ဘုရားကုန်းပေါ်က စစ်ကောင်စီတပ်သာ ကျန်တော့တယ်လို့ KNDF က ဖော်ပြထားပါတယ်။ ကယားပြည်နယ်၊ မယ်စဲ့မြို့ကိုတော့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org