ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်က အဓမ္မ ငွေကောက်
ကရင်ပြည်နယ် ဖားအံမြို့နယ် မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ်နဲ့ ဒေသခံ အစိုးရတပ်ရင်းတွေဟာ အထမ်းသမား ပေါ်တာကြေးအဖြစ် ဒေသခံတွေကို အဓမ္မ ငွေကြေးကောက်ခံနေကြောင်း သိရပါတယ်။
-
2011-08-20 -
-
-
နယ်ခြားစောင့်တပ် အမှတ် (၁ဝ၁၂) နဲ့ အမှတ် (၂၁ဝ) ခြေမြန်တပ်ရင်းဟာ ဖားအံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပေါ်တာကြေးအဖြစ် တရွာကို ၅ သိန်း ကနေ ၁ဝ သိန်းအထိ တောင်းခံနေကြောင်း ဒေသခံတဦးက RFA ကို ပြောပါတယ်။
ဖားအံခရိုင်၊ တပေါင်မိုးနဲ့ မီဆိုင်း ကျေးရွာအုပ်စုက ရွာ ၁၄ ရွာမှာ အခုလို ပေါ်တာကြေး တောင်းခံနေတာပါ။ ကရင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KNU တပ်တွေက နှစ်ပေါင်းများစွာ ပေါ်တာကြေး တောင်းခံနေပြီး အခုအခါမှာ နယ်ခြားစောင့်တပ်ဖွဲ့ကပါ တောင်းခံလာတာလို့ ဆိုပါတယ်။
ဖားအံခရိုင်တဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြစ်ရေလျှံပြီး လယ်ယာတွေ ရေနစ်မြုပ်ခဲ့တာကြောင့် စပါးခင်းတွေ ပျက်စီးနေချိန်မှာ အခုလို ငွေကြေး အဓမ္မကောက်ခံနေတာကြောင့် ဒေသခံလူထု အခက်တွေ့နေတယ်လို့လည်း သိရပါတယ်။