Frontier Myanmar သတင်းထောက်ကို BGF ပြန်လွှတ်ပေး

ရန်ကုန်အခြေစိုက်Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေ က RFA ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ BGF ခေါင်းဆောင်က ပြန်လွှတ်ပေးမယ်ပြောပါတယ်။ ညနေ ၆ နာရီ ၄၀ မှာတော့ ပြန်လွှတ်လိုက်ပြီလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန်ကို တွေ့ရစဉ် Photo: Naw Betty Han's Instagram

ရန်ကုန်အခြေစိုက်Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေ က RFA ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ BGF ခေါင်းဆောင်က ပြန်လွှတ်ပေးမယ်ပြော ပါတယ်။

ညနေ ၆ နာရီ ၄၀ မှာတော့ ပြန်လွှတ်လိုက်ပြီလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။

ကရင်တိုင်းရင်းသူသတင်းထောက် နော်ဘတ်တီဟန်ဟာ ဗုဒ္ဓဟူးနေ့ကတည်းက သူအဖမ်းခံရတဲ့အကြောင်း ဖုန်းမက်ဆေ့ပို့ပေးလာတယ်လို့ Frontier Myammar က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဖမ်းခံရတာက BGF ထိန်းချုပ် နယ်မြေဖြစ်တဲ့ မြဝတီအမှတ် (၁) နယ်စပ်ဂိတ်မှာပါ။

သတင်းထောက်ရဲ့လုံခြုံရေးကို စိုးရိမ်နေတယ်လို့  Frontier မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်  သောမတ်စ်ကိန်း က မက်ဆေ့ဂျာကတဆင့် ပြောပြပါတယ်။

“ကျနော်တိုရဲ့ သတင်းထောက်က မြဝတီကို သတင်းယူဖို့ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ မနေ့ညနေပိုင်း ကတည်းက ကျနော်တို့ သူနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ သူ့ရဲ့လုံခြုံရေးကို ကျနော်တို့စိုးရိမ်မိပါတယ်။ သူဘယ်မှာရှိတယ်၊ လုံခြုံမှုရှိရဲ့လားဆိုတာ ကျနော်တို့ဆက်ပြီး စုံစမ်းနေပါတယ်”

BGF ထိန်းချုပ်နယ်မြေ အမှတ် (၁) မှာ သတင်းထောက်တစ်ယောက် ကာစီနိုတွေထဲကိုဝင်ပြီး ဓာတ်ပုံရိုက် တာတွေကို အောက်ခြေက အသိပေးလာတာရှိတယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

BGF တပ်ဖွဲ့ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးအုပ်ချုပ်ပါတယ်။ နယ်စပ် မှာ ဒေါ်လာဘီလီယံချီတန်တဲ့ တရုတ်နဲ့ စီးပွားရေးရင်းနှီးမြှပ်နှံမှုလုပ်လို့ ကရင်ပြည်က တရုတ်မြို့သစ် ရွှေကုက္ကို စီမံကိန်းနဲ့ နာမည်ကြီးပါတယ်။ အငြင်းပွားဖွယ်ရာ လိုင်စင်မဲ့ကာစီနိုတွေလည်း ဖွင့်လှစ်လုပ်ကိုင်တာကြောင့်လည်း လူသိများပါတယ်။

သတင်းထောက် နော်ဘတ်တီဟန် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာကောင်စီကလည်း ဒီနေ့ အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။။ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲမှူးတို့ကို ဆက်သွယ်ပြီး  အကူ အညီတောင်းခံထားတယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ နော်ဘတ်တီဟန်နဲ့အတူ Myanmar Times သတင်းစာတိုက်က ဓာတ်ပုံ  သတင်းထောက် မားနော်ဆိုသူလည်း ပါဝင်တယ်လို့သိရပါတယ်။ Myanmar Times သတင်းစာတိုက်တာဝန်ရှိသူ တွေကတော့ အဲဒီသတင်းကို အတည်မပြုနိုင်ဘူးပြောပါတယ်။

သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် နော်ဘတ်တီဟန်ဟာ Frontier Myanmar မဂ္ဂဇင်းမတိုင်ခင်က Myanmar Times သတင်းစာတိုက်မှာလည်း လုပ်ကိုင်ဖူးသူဖြစ်ပါတယ်။  

သတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ညွှန်ကြားလာတာကြောင့် ဒီနေ့ညနေ ၅ နာရီခန့်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက RFA ကို ဖုန်းနဲ့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org