ကရင်မှာ BGF တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတယ်ဆိုတဲ့သတင်းကို တာဝန်ရှိသူငြင်းဆို
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံကျေးရွာအခြေစိုက် နယ်ခြား စောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်းက တပ်သားတွေ ထွက်ပြေးနေတယ် ဆိုတဲ့သတင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောဆိုနေကြတာဟာ မဟုတ်မှန်ဘူးလို့ BGF တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်းက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
- 2021-08-30
-
-
-
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံကျေးရွာအခြေစိုက် နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်းက တပ်သားတွေ ထွက်ပြေးနေတယ်ဆိုတဲ့သတင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောဆိုနေကြတာဟာ မဟုတ်မှန်ဘူးလို့ BGF တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်းက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
“သတင်းတွေကတော့ ပေါက်ကရတွေတင်နေကြတာပဲ။ တချို့ကလည်း ပြည်ပမှာနေပြီးတော့ ဘာမှလည်း သတင်းအတိအကျလည်း မလိုက်နိုင်ဘူး။ အမှန်တော့ သေးသေးမွှားမွှား ထိခိုက်မှုရှိတဲ့ဟာလေးတွေက လွဲလို့ BGF တွေပြေးတာတို့၊ တစ်ဖွဲ့လုံးပြေးတာတို့ မရှိပါဘူး လတ်တလော အခြေအနေမှာ”
နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်းက တပ်သားအချို့ဟာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေမှာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်ရင်းကနေ ထွက်ပြေးသွားကြတယ်လို့ BGF နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဒေသဆိုင်ရာသတင်းတွေကို ဖော်ပြနေတဲ့ ဆိုရှယ်မီဒီယာသတင်းတွေမှာ ရေးသားထားတာပါ။
တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးမှုတွေရှိပြီး တပ်အင်အားနည်းလာတဲ့ တစ်ချို့တပ်ရင်းတွေထံကို ရွှေကုက္ကိုလ်ဒေသ တောအုပ်အခြေစိုက် နယ်ခြားစောင့်တပ် (၁၀၁၉) တပ်ရင်းက လာရောက်အင်အားဖြည့်တင်းနေတယ် လို့လည်း ပြောဆိုနေကြတာပါ။
လက်ရှိမှာ BGF တပ်ဖွဲ့ဝင်အချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ ကော့ကရိတ်မြို့နယ် အတွင်း ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ဝင်ရောက်လာတာတွေ ရှိနေတာကြောင့် နယ်မြေ ကျော်လာရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။