ကရင်နယ်ခြားစောင့်တပ် သီးခြားရပ်တည်ရေး ဒုတပ်ချုပ်နဲ့ ဗိုလ်မှူးကြီးစောချစ်သူဆွေးနွေး
(BGF) အနေနဲ့ စစ်ကောင်စီဆီကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ စစ်ကောင်စီရဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့ပါတယ်။
-
RFA Burmese
2024-01-24 -
-
-
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီဆီကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့ BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက RFA ကိုပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ် လက်အောက်ခံတပ်ရင်း ၁၃ ရင်းက တပ်ဖွဲ့ဝင်တွေဟာ ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေ မလုပ်ချင်ကြောင်း တင်ပြလာတာကြောင့် အခုလိုသီးခြားရပ်တည်ဖို့ စဉ်းစားတာလို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဆီက လစာ၊ ရိက္ခာနဲ့ ပံ့ပိုးမူတွေ မယူချင်တော့တဲ့အကြောင်းကိုတော့ ဇန်နဝါရီလ ၁၃ ရက်မှာ တရားဝင် စာတင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက RFA ကိုပြောပါတယ်။
“မနေ့ကတော့ တွေ့ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အချက်တွေကို ဗိုလ်ချုပ်မှူးကြီးဆီ ပြန်တင်ပြီး ဒီကိစ္စကပြေလည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကရင်အချင်းချင်း တိုက်ခိုက်နေကြတာ မလုပ်လိုတော့ဘူးဆိုပြီး လက်အောက်ငယ်သား တပ်ရင်းတွေကလည်း တင်ပြကြတယ်။ ဒါ့ကြောင့် လစာ၊ ရိက္ခာပံပိုးမှုကို ယူချင်တဲ့ဆန္ဒ မရှိတော့တဲ့အကြောင်း ဒီလ ၁၃ ရက်နေ့မှာ စာတင်ခဲ့တာပါ”
လက်ရှိအချိန်အထိ အဲဒီကိစ္စအတွက် ညှိနှိုင်းဆွေးနွေးနေပြီး စစ်ကောင်စီဘက်က ခွင့်ပြု၊ မပြုကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ ဒီအပြင် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အဖြစ် ခန့်အပ်တယ်ဆိုတာ မဟုတ်မှန်ဘူးလို့လည်း ဗိုလ်မှူးကြီးစောချစ်သူကပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကရင်ပြည်နယ် ဘားအံမြို့ကို ဇန်နဝါရီလ ၂၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေမှာတော့ နယ်ခြားစောင့်တပ်နဲ့ တွေ့ဆုံတယ်ဆိုတာမဖော်ပြဘဲ အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှု လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။
ကရင်ပြည် နယ်ခြားစောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ်ပြည့် အင်အားရှိတယ်လို့ BGF နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရက္ခာ လစဉ် ပေးထားရတာပါ။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းကတော့ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင်တချို့ကို တာဝန်က အနားယူဖို့ ဖိအားပေးခဲ့တာကြောင့် တပ်ရင်းတပ်ဖွဲ့အားလုံး နုတ်ထွက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။