ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းပြီး လက်စဖျောက်ခံရခြင်းမှ ကာကွယ်ရေး


2019.09.05
billy-622.jpg Billy လို့လူသိများတဲ့ ကရင်တိုင်းရင်းသား Por Cha Lee Rakcharoen ကို တွေ့ရစဉ်
.

ဒီရက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံက သတင်းတစ်ပုဒ်မှာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ပျောက်သွားတဲ့ ကရင်လူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူတစ်ယောက်ရဲ့ မီးရှို့ခံထားရတဲ့အရိုးစုကို တောထဲကရေကန်ကြီးရဲ့အောက်မှာ ရှာတွေ့လိုက်ရတယ်ဆိုတဲ့ သတင်းက စိတ်ဝင်စားစရာသတင်းဖြစ်ပါတယ်။

အင်္ဂလိပ်လို Billy လို့ခေါ်ပြီး ထိုင်းလို Por Cha Lee Rakcharoen လို့ခေါ်တဲ့ အဲဒီပုဂ္ဂိုလ်ဟာ ၂၀၁၄ ခုနှစ်ဧပြီလတုန်းက ကန်ကရန်ချန် အမျိုးသားဥယျာဉ်နားမှာနေတဲ့ ကရင်လူမျိုးတွေ အိမ်အဖျက်ခံရတဲ့ ကိစ္စအတွက် အဲဒီနေရာကိုအသွား လမ်းက စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးခံရပြီး ပျောက်ဆုံးသွားတာပါ။ ကန်ကရန်ချန် အမျိုးသားဥယျာဉ်က တနင်္သာရီတိုင်းနဲ့ ကပ်နေတဲ့သဘာဝတောဖြစ်ပါတယ်။ အဲဒီဒေသမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ နေထိုင်ကြ တာရှိပါတယ်။ အဲဒီမှာ Billy ကို ထိုင်း စစ်ဆေးရေးဂိတ်တစ်ခုက တားမြစ်စစ်ဆေးခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ကို ပျားရည်မှောင်ခိုသယ်လာတယ်ဆိုတဲ့သံသယနဲ့ တားမြစ်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းအာဏာ ပိုင်တွေက အဲဒီအချိန်မှာပြောခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုဆီ ပြန်ရောက်မလာတော့တဲ့ Billy အတွက် ကျန်ရစ်သူတွေ က ရတက်မအေးသလို သံသယတွေဖြစ်ခဲ့ပါတယ်။

ပျောက်သောသူရှာရင်တွေ့ဆိုတဲ့ စကားပုံကဒီနေရာမှာ မှန်တယ်လို့ပြောရမှာပါပဲ။ Billy ရဲ့ အရိုးစုတွေကို သူတားမြစ်စစ်ဆေးခံရတဲ့နေရာနားက ကန်ကရန်ချန် အမျိုးသားဥယျာဉ်ထဲက ရေကန်ထဲမှာပြန်တွေ့ခဲ့ရတာပါပဲ။ ထိုင်းအထူးစုံစမ်းရေးဌာနကလည်း သူ့မိခင်ရဲ့ မျိုးရိုးဗီဇ DNA နဲ့ တိုက်စစ်တဲ့အခါ အဲဒီအရိုးတွေဟာ Billy ရဲ့ အရိုးတွေလို့ အတည်ပြုပေးပါတယ်။ ဒါကြောင့် သွေးရိုးမဟုတ်ဘဲ သေဆုံးရတယ်လို့ ယူဆကြတဲ့အတွက် ဘယ်သူ့လက်ချက်နဲ့ Billy သေဆုံးတာလဲဆိုတာ ဆက်ပြီးဖော်ထုတ်ပေးစေချင် နေကြပါတယ်။

ဒီအမှုကိုဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကလည်း ထိုင်းအစိုးရကို ဖိအားပေး တောင်းဆိုနေ ပါတယ်။ ဒီနေရာမှာ HRW အဖွဲ့ ထောက်ပြတာက ထိုင်းအစိုးရက ၂၀၁၂ ခုနှစ်မှာ သဘောတူလက်မှတ်ထိုးလိုက်တဲ့ International Convention for the Protection of All Persons from Enforced Disappearance ဆိုတဲ့ ကုလသမဂ္ဂမှာ ပြဌာန်းထားတဲ့ စာချုပ်အရအရေးယူဖို့ပါ။

စာချုပ်ရဲ့အဓိပ္ပါယ်က မြန်မာလိုဆိုရင်တော့- ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းပြီး လက်စဖျောက်ခံရခြင်းမှ ကာကွယ်ရေး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့် အဲဒီစာချုပ်က ဘာလဲ။ ICPPED လို့ အတိုကောက်ခေါ်တဲ့ အဲဒီသဘောတူစာချုပ်ကို နိုင်ငံတွေက လေးစားလိုက်နာသင့်တယ်လို့ ၂၀၀၆ ခုနှစ်ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ လက်ခံလိုက်ပြီး၊ သဘောတူတဲ့နိုင်ငံတွေအနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ ၂၀၀၇ ခုနှစ်စပြီး ဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီ ဖမ်းဆီးလက်စဖျောက်ခြင်းမှ ကာကွယ်ရေးစာချုပ်ကို သဘောတူလက်မှတ်ထိုးတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၀ ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေကိုကြည့်ရင်တော့ ထိုင်းနိုင်ငံက ၂၀၁၂ ခုနှစ်မှာ လက်မှတ်ထိုးလိုက်ပြီး၊ လာအိုနိုင်ငံက ၂၀၀၈ ခုနှစ်မှာ လက်မှတ်ထိုးထားပါတယ်။ အိန္ဒိယကတော့ ၂၀၀၇ ခုနှစ်မှာ လက်မှတ်ထိုးထားပါတယ်။ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်က လက်မှတ်ထိုးတာ မတွေ့ရသေးသလို၊ မြန်မာနိုင်ငံကလည်း သဘောတူတာ မတွေ့ရသေးပါဘူး။

ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အစိုးရထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ ဖမ်းဆီးခံရပြီး လက်စဖျောက်ခံလိုက်ရတဲ့ဖြစ်ရပ်တွေ အတော် များများရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမှုတွေကို ဖော်ထုတ်အရေးယူတာ သိပ်မတွေ့ရသလို၊ ဒီလိုဖြစ်ရပ်မျိုးတွေ မကြုံရအောင် ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်တာလည်း မတွေ့ရသေးပါဘူး။

မြန်မာပြည်သူတွေဟာ အစိုးရထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာဆိုလည်း အကြောင်းတစ်မျိုးမျိုးကြောင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေရှိနေသလို၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ နယ်မြေတွေမှာလည်း အချိန်မရွေး ဖမ်းဆီးထိန်း သိမ်းခံရနိုင်တဲ့ အခြေအနေမှာရှိနေတာ တွေ့ရပါတယ်။ အဲဒီလို အဖမ်းခံရပြီး လက်စဖျောက်ခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။ ဥပမာအနေနဲ့ဆိုရင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ အရပ်သားတွေ ဖမ်းဆီးခံရပြီး လက်စဖျောက်ခံရတဲ့ဖြစ်ရပ်က အနီးစပ်ဆုံး ပြောလို့ရနိုင်ပါတယ်။ အဲဒီဖြစ်ရပ်တွေ တကယ်ဖြစ်ခဲ့တဲ့အတွက် အရေးယူမယ်လို့လည်း သက်ဆိုင်ရာ တပ်မတော်က ကြေညာထားပါတယ်။

ဒါကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံနေထိုင်ရတဲ့ အခုလိုခေတ်သစ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အရပ်သားပြည်သူတွေကို ပြည်တွင်းဥပဒေနဲ့ ကာကွယ်ပေးနိုင်ဖို့ အရေးကြီးသလို၊ ပြည်ပမှာ ပညာရှင်တွေဆွေးနွေးပြီး အများစုသဘောတူထားတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာသဘောတူပြီး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။