အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်
အရှေ့တောင်အာရှရဲ့ ဗဟိုချက်မဖြစ်တဲ့ မြန်မာနိုင်ငံ "ကျရှုံးနိုင်ငံ" တစ်ခုဖြစ်နေတာဟာ ဘယ်သူ့အတွက်မှ မကောင်းဘူးလို့လည်း သူကဆိုပါတယ်။
-
RFA Burmese
2024-04-21 -
-
-
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) ဟာ လာမယ့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းပြသွားမှာဖြစ်ပြီး၊ မြန်မာ့အရေး ဖြေရှင်းတဲ့နေရာမှာ တရုတ်နဲ့ အမေရိကန်တို့ကြား သဘောထားကွဲလွဲတာမျိုးမဖြစ်ဘဲ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရေး ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လွတ်လပ်လပ်ပေးခွင့်ပြုဖို့ အမေရိကန်အစိုးရက လိုလားတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက ပြောပါတယ်။
အရှေ့တောင်အာရှရဲ့ ဗဟိုချက်မဖြစ်တဲ့ မြန်မာနိုင်ငံ "ကျရှုံးနိုင်ငံ" တစ်ခုဖြစ်နေတာဟာ ဘယ်သူ့အတွက်မှ မကောင်းဘူးလို့လည်း သူကဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ ၂၄ ကနေ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေးအပါအဝင်၊ အရှေ့အလယ်ပိုင်းစစ်ပွဲ၊ အင်ဒို-ဖိစိတ်ဖိတ်နဲ့ တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်နဲ့ မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။